23 July, 2009

ဘောလုံးနဲ့ရေးတဲ့ ကဗျာ (၂)

ဘောလုံးကစားတယ်ဆိုတာ
ခြေထောက်နဲ့ကန်ကျောက်ပြီး
အနာဂတ်ကို တွန်းဖွင့်ဖို့ကြိုးစားတာပဲ။
ဘောလုံးအသင်းတစ်သင်းဟာ
ကစားကွက်လှရင် လှသလောက်
ကန်ချက်မှန်ရင် မှန်သလောက်
မဟာဗြူဟာ၊ နည်းဗြူဟာ
အားကောင်းရင်အားကောင်းသလောက်
အောင်ပွဲနဲ့ နီးစပ်မယ်။
Teamwork ကအရေးကြီးသလို
အသင်း အနိုင်ရရှိရေးဟာ
ဗြူဟာရေးဆွဲတဲ့ အသင်းမန်နေဂျာအပေါ်
၈၀ ရာခိုင်နူန်း မူတည်တယ်လို့
လေ့လာသူတွေက သုံးသပ်ကြတယ်။
အသင်းနာမည်တက်ရေးထက်
မိမိနာမည်ထွက်ရေး ပိုပြီးအာရုံစိုက်တဲ့ကစားသမားတွေရှိတယ်
အရိုးကျေကျေအရေခမ်းခမ်း သဘောထားကစားတဲ့ ကစားသမားတွေရှိသလို
ရေသာခို အချောင်လိုက်တဲ့ ကစားသမားတွေရှိတယ်
ရိုးရိုးသားသား ကစားသမားတွေရှိသလို
ငွေနောက်လိုက်တဲ့ကစားသမားတွေရှိတယ်
အရက်သေစာ၊ မိန်းမ လိုက်စားတဲ့ ကစားသမားတွေရှိတယ်
သူတို့ ခြေထောက်ထဲရောက်သွားတဲ့ဘောလုံးကို
အခြားအသင်းသားတွေဆီ အသာတကြည်မပေးလိုတဲ့
ကစားသမားတွေလည်းရှိကြတယ်။
ဘောလုံးကစားရာမှာ
လိုအပ်ရင် အသင်းအတွက် Sacrifice လုပ်ရမယ်
ကိုယ်ရောစိတ်ပါ တွန်းတွန်းတိုက်တိုက် ကစားတဲ့အခါ
အချိန်မရွေး ဒဏ်ရာဒဏ်ချက်တွေရနိုင်သလို
ကံမကောင်းအကြောင်းမလှရင်
ဘောလုံးကွင်းထဲမှာ အသက်ပေးလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်။
အနာမခံပဲ အသာစံသူတွေများနေတဲ့
ဘောလုံးအသင်းဟာ
ရူံးနိမ့်ဖို့ သေချာသလောက်ပဲ။
အခုလည်း ညီညွတ်ရေး အားနည်းပြီး
မဟာဗြူဟာ နည်းဗြူဟာတွေချိနဲ့နေတဲ့
ကျနော်တို့ဘောလုံးအသင်း
အချိန်ကုန်လူပမ်း ရူံးပွဲတွေဆက်ခဲ့တယ်
အလေအလွင့် အဖိတ်အစင်တွေများခဲ့တယ်
အသင်းကနေ နူတ်ထွက်သူတွေ များခဲ့တယ်
ကျနော့်အမြင်အရ
ခြေကုန်လက်ပမ်းကျနေတဲ့ ကစားသမားတွေ အနားပေးဖို့လိုသလို
သွေးသစ်၊ သမိုင်းသစ်၊ အနာဂတ်အသစ်
သေနင်္ဂဗြူဟာအသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့
အားကောင်းမောင်းသန်ဘောလုံးအသင်းတစ်သင်း ထပ်မံဖွဲ့စည်းဖို့လိုနေတယ်
ဒီလိုနဲ့ သဘောထား အမြင် အယူအဆ မတူသူတွေနဲ့
ကျနော်တို့ တစ်သင်းတည်းဘောလုံးကစားနေခဲ့တယ်..။ ။

ငြိမ်းချမ်းအောင်
၎ မေ ၀၉

1 comment:

Loanma said...

"အခုလည်း ညီညွတ်ရေး အားနည်းပြီး
မဟာဗြူဟာ နည်းဗြူဟာတွေချိနဲ့နေတဲ့
ကျနော်တို့ဘောလုံးအသင်း
အချိန်ကုန်လူပမ်း ရူံးပွဲတွေဆက်ခဲ့တယ်
အလေအလွင့် အဖိတ်အစင်တွေများခဲ့တယ်"

မှန်လိုက်တာ... အဲဒီစာသားတွေလက်ရှိ
အခြေနေနဲ့ အရမ်းကိုက်တာပဲ။