28 June, 2010

ချစ်နေသေးတယ်ဆိုရင် ယုံမှာလား မစကားဝါ

ဇွန်ပန်းတွေပွင့်ခဲ့ပြီ မစကားဝါ
နယုန်မိုးသေးမြက်တွေသားမွေးလို့
လယ်ကွင်းနဲ့တောင်ယာခင်းတွေပျိုးကျဲ
ရှစ်ခွင်တိုင်းမှုန်မှိုင်း၊ တောင်လည်းညိုတောလည်းစို
ကျနော်တို့နေထိုင်တဲ့အရှေ့တောင်အာရှတစ်ခွင်မှာ
မုတ်သုန်မိုးမည်း ဖြိုင်ဖြိုင်သည်းခဲ့ပြီကော

မြေစိုင်မြေခဲကိုရုန်းကန်ထိုးဖောက်
ပုန်းညက်နဲ့မြတ်လေးပန်းတွေ
ပွင့်အာကြပြီ
လောကတစ်ခွင်မွှေးရနံ့ဆင်ဖို့
စံပယ်နဲ့ဇီဇ၀ါတွေ ရှင်သန်ကြီးထွားလာကြပြီ

ကဆုန်လမှာ စကား၊ စကားဝါ၊ ချဲယား
နယုန်လမှာ မုလေးနဲ့စံပယ်
ဝါဆိုမှာ ပုန်းညက်၊
ဝါခေါင်မှာ ခတ္တာနဲ့ မိုးဆွေ
တော်သလင်းမှာ ယင်းမာပန်းတွေပွင့်သတဲ့

ဘယ်ပန်းသာလို့ယဉ်မှာလဲ မစကားဝါ
ပန်းမြတ်တကာ့ပန်းတော်ဝင်ထဲမှာ
ဆယ်စုနှစ် နှစ်ခုကိုဖြတ်သန်း
အခုတိုင်စွဲလန်းနေတာ
စကားဝါပန်းရနံ့တွေပါကွယ်

ညိုညိုလေးနဲ့ချောလို့
ညိုချောလို့ခေါ်တာပေါ့လို့…

ချစ်တယ်မစကားဝါ
ထွေးထွေအုပ်အုပ်ဆံပင်ရှည်ရှည်တွေကိုချစ်တယ်
ဆင်မယဉ်သာခြေလှမ်းလေးတွေချစ်တယ်
မစကားဝါဖြတ်လျှောက်သွားတဲ့မြေနီလမ်းလေးကိုချစ်တယ်
ပြုံးလိုက်ရင်ခွက်ဝင်သွားတဲ့ပါးချိုင့်လေးကိုချစ်တယ်
‘မောင်’ လို့ခေါ်တတ်တဲ့ဆွဲလဲသံနူတ်ခမ်းပါးလေးကိုချစ်တယ်
မစကားဝါအမြဲစီးတဲ့ပန်းမြို့တော်စက်ဘီးလေးကိုချစ်တယ်
မစကားဝါကိုယ်ငွေ့နဲ့နွေးတဲ့ ‘Joy’ ဂျင်းဂျက်ကက်လေးချစ်တယ်
ကျော့ရှင်းတဲ့မူယာ၊ ပြောင်းသွယ်နွဲ့ခန္ဓာ
လည်တိုင်ရှည်ရှည်လေးနဲ့မျက်နှာသွယ်သွယ်လေးကိုချစ်တယ်

တကယ်တော့မစကားဝါ
ခင်ဗျားအတွက်ငွေဆိုတာအရေးအကြီးဆုံးမဖြစ်သင့်သလို
ကျနော့်အတွက် မစကားဝါဟာ အရေးအကြီးဆုံးမဖြစ်သင့်ပါဘူး
လူသားအဖြစ်ရရှိခြင်းမှာ
ငွေထက်အရေးကြီးတဲ့အရာတွေရှိတယ်
အချစ်ထက်အရေးကြီးတဲ့အရာတွေလည်းရှိခဲ့ပါတယ်

အားတင်းထားပါမစကားဝါ
ဝေးခဲ့တဲ့နှစ်တွေမှာ
ကျနော်လည်းကိုယ်စိတ်နှစ်ပါးကျန်းမာရေးမကောင်းလှဘူး
စစ်အေးခေတ်လွန် ၂၁ရာစုကမ္ဘာကြီး ပိုပြီးပူနွေးလာတယ်
သစ်တောတွေပြုန်းတီး၊ ရေတွေကြီး၊ မီးတွေလောင်
မီလီယံနာတွေကဘီလီယံနာတွေဖြစ်သွားကြတယ်
ဆင်းရဲသားတွေကနင်းပြားဖြစ်ဆဲပါပဲ

လူဆိုတာ ပဋိပက္ခသတ္တ၀ါပါမစကားဝါ
လူ့ဘောင်လောကကြီးတည်ရှိနေသ၍
ပြဿနာတွေ၊ အမုန်းတွေ၊ စစ်ပွဲတွေ တည်ရှိနေမယ်

ဘ၀ဆိုတာတိုက်ပွဲတဲ့
ကျနော်တို့သောကအပူမီးတွေမငြိမ်းသေးဘူး
သတ္တ၀ါတွေကိုမေတ္တာထားဖို့၊ ရောင့်ရဲတင်းတိမ်စိတ်မွေးဖို့
ဗုဒ္ဓဒေသနာတရားတွေက ကျနော်တို့ကို သင်ကြားခဲ့တယ်
အချိန်အားရတဲ့အခါ ပရဟိတ အလုပ်တွေလုပ်ကိုင်ပါ
အားနည်းသူနဲ့သတ္တ၀ါတွေကိုကြင်နာသနားပါ

မနက်ဖြန်အကြောင်းမပြောကြသေးရင်ကောင်းမယ် မစကားဝါ
ခုချိန်ဆို ဧရာဝတီမှာရေနောက်ပြီ
နယူးယောက်က ဟတ်ဆန်မြစ်ကြီးကတော့
နွေရာသီအပူလိုင်းကိုဖြတ်သန်းစီးဆင်းနေလိမ့်မယ်
ကျနော်ရောက်နေတဲ့ထိုင်းနိုင်ငံမှာတော့
လူဖမ်းပွဲတွေခြိမ့်ခြိမ့်သဲကျင်းပနေကြတယ်

ကိုယ်စီဘ၀တွေဖြတ်သန်းရင်း
ခုတော့ခင်ဗျားလည်းအိမ်ထောင်သားမွေးမိခင်ဘဝ
ကျနော်လည်း အဝေးမြို့တစ်နေရာမှာ ခရီးဆက်ဆဲပါပဲ

ဇွန်ပန်းတွေပွင့်ခဲ့ပြီ မစကားဝါ
ကမ္ဘာလောကတစ်ခွင်လုံးစိန်းစိုလန်းဆန်းလို့
ကျနော်တို့ငယ်ငယ်ကခူးယူဆော့ကစားခဲ့တဲ့
အမြီးဖွားဖွားခွေးရုပ်ပင်ကလေးတွေ
လေပြေနဲ့အတူယိမ်းထိုးလူပ်ရှားနေကြတယ်

လမ်းဘေးက မြက်ပင်တွေနဲ့အလေ့ကျတောရိုင်းပန်းကလေးတွေတောင်
ရှင်သန်ခွင့်အတွက် မိုးရေစက်တွေကို ကျေးဇူးတင်နေကြလိမ့်မယ်

ဘာပဲဖြစ်ဖြစ်
လူသားအဖြစ်ရရှိခြင်းအတွက်
ကမ္ဘာမြေကိုကျေးဇူးတင်လိုက်ပါ
ပြီးတဲ့အခါ
နံနက်ခင်းမှာပွင့်တဲ့ပန်းကလေးတွေကို ပြုံးပြလိုက်ပါ
နူတ်ဆက်လိုက်ပါတယ် မစကားဝါ
Good bye!

ငြိမ်းချမ်းအောင်

2 comments:

Loanma said...

ကဗျာဖတ်ပြီး အားလုံးကိုလွမ်းသွားမိတယ်..
မစကားဝါ နှင့်အလားတူ သူများ ဘယ်နှစ်ယောက်ရှိပြီး ..ကဗျာဆရာလို မစကားဝါတွေကို လွမ်းနေတဲ့သူတွေလည်း အများကြီးရှိမှာပဲ..
ကဗျာကောင်းလေး တစ်ပုဒ်ပါ..

~P~ said...

ကဗျာလေးကိုကြိုက်တယ်...မစကားဝါကိုလဲရောပြီးနုတ်ဆက်လိုက်ပါတယ် :D