09 November, 2008

ဇာတ်လမ်းနှစ်ပုဒ်

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက လူကုံထံ နတ်သမီး
ကျနော်က တန်ဖိုးထားမခံရတဲ့ စွန့်ပစ်ပစ္စည်း
သူမစီးတဲ့ ကားတန်ဖိုးကို ကျနော်တစ်ခါမှ စိတ်ကူးမကြည့်မိဘူး
ကျနော်မက်တဲ့ အိပ်မက်တွေအကြောင်း သူမက စိတ်မ၀င်စားဘူး
သူမသုံးတဲ့ ရေမွှေးအမည်နာမကို ကျနော်မသိဘူး
ကျနော်သုံးတဲ့ အပေါစား ဆပ်ပြာခဲအမှတ်တံဆိပ် သူမအာရုံမှာမရှိဘူး
သူမဆိုးတဲ့ လက်သည်းဆိုးဆေး ဒီဇိုင်းမျိုး ကျနော်တစ်ခါမှ မမြင်ဖူးဘူး
ကျနော့် တောဂိုက်ကို (အချိန်တွေကြာလာတာနဲ့အမျှ) သူမ မကြည်ဖြူတော့ဘူး
သူမ အပေါင်းအသင်းတွေကို ကျနော် ကြည့်မရဘူး
ကျနော့် အပေါင်းအသင်းတွေကို သူမ အထင်မကြီးဘူး
သူမက ကျနော်နဲ့ လျှောက်လည်ချင်တယ်၊ တွတ်ထိုးချင်တယ်
ကျနော်က သူမကို (ကျနော်အလုပ်လုပ်နေတဲ့အခါ) နံဘေးမှာ တိတ်တဆိတ်ထိုင်နေစေချင်တယ်
သူမက အတွေ့ကို မက်မောတယ်
ကျနော်က အငွေ့ကို တန်ဖိုးထားတယ်
သူမအတွက် ကျနော်ဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိသူ
ဒါမှမဟုတ် ၀င်ငွေမရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူ
ကျနော့်အတွက် သူမဟာ မိဘပိုက်ဆံထိုင်ဖြုန်းနေသူ
ဒါမှမဟုတ် ဘ၀ကို ပေါ့ပျက်ပျက်ဖြတ်သန်းချင်သူ
တစ်ယောက်ကို တယောက်နားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး
ကျနော့်မှာ ကုန်ထုတ်လုပ်မူမရှိဘူး
သူမမှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး
ကျနော်တို့နှစ်ယောက်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခု ဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ သူမနဲ့ကျနော် လမ်းခွဲခဲ့ပါတယ်။

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက နေ့စားလရှင်း စက်ရုံအလုပ်သမ
ကျနော်က အနာဂတ်ဝါဒီ ဂုဏ်သရေရှိ လူကြီးလူကောင်း
ဒေသအခေါ်အရ ဘွဲ့ရခေတ်ပညာတတ် သူမဟာ
ကျနော့်အမြင်မှာ အသိပညာဏ်နုံနဲသူ
သူမပြောတဲ့ စကားတွေကို ကျနော် ခံစားလို့မရဘူး
ကျနော်ပြောတဲ့ စကားတွေကို သူမ သဘောမပေါက်ဘူး
ကျနော်က အနာဂတ်အကြောင်းစဉ်းစားနေတဲ့အခါ
သူမက သူမလုပ်အားခကို စိတ်ကူးနဲ့ ဈေးတွက်တွက်နေတတ်တယ်
သူမမှာ လှပတဲ့ မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဒာကိုယ်ရှိတယ်
ကျနော့်မှာ ချီတုံချတုံဖြစ်နေတဲ့ စိတ်ကူးတွေရှိတယ်
သူမအနာဂတ်က ကျနော့်အတွက် ကျဉ်းမြောင်းလွန်းတယ်
ကျနော့်အနာဂတ်က သူမအတွက်ကြီးကျယ်လွန်းတယ်
သူလုပ်တဲ့အလုပ်ကို ကျနော်မလုပ်နိုင်ဘူး
ကျနော်လုပ်တဲ့အလုပ်ကို သူနားမလည်ဘူး
သူ့မှာ သူမကို မှီခိုနေတဲ့ မိသားစုကြီးရှိတယ်
ကျနော်က အနာဂတ်အတွက် စဉ်းစားနေရတယ်
သူမမှာ အမှီအခိုကင်းတဲ့ လွတ်လပ်ခြင်းမရှိဘူး
ကျနော့်မှာ မျက်ကန်းတစ္ဆေမကြောက် မိုက်ရဲတဲ့ သတ္တိမရှိဘူး
သူမနဲ့ ကျနော်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခုဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ ကျနော်နဲ့သူမ လမ်းခွဲခဲ့ပါတယ်။

အချစ်မှာ စိတ်ကူးယဉ်မူထက်ပိုပြီး
လက်တွေ့ကျတဲ့
အဓိပ္ပါယ်တွေရှိတယ်…။

ငြိမ်းချမ်းအောင်
၈ သြဂုတ် ၂၀၀၈

6 comments:

pandora said...

ချစ်ချင်းမေတ္တမဟုတ်ခဲ့လို့များလား
မပြောတတ်ဘူးဗျာ

ဆောင်းယွန်းလ said...

တတိယဇာတ်လမ်းမှာအဆင်ပြေသွားနိုင်ပါစေလို့ဆု
တောင်းပါတယ်ကိုငြိမ်းချမ်းအောင်ရေ...

Apprenticeship said...

သူကစိတ်ကူးဝါဒီတွေကိုဦးစားပေးတယ်
ကျွန်မကလက်တွေ့ကျတဲ့ ဖြစ်သင့်တဲ့နည်းလမ်းတွေနဲ့ ခရီးသွားချင်တယ် :P ရေးကြည့်တာ.... မတူတာကိုတူအောင်လုပ်လိုက်ပေါ့ မခက်ပါဘူး အိုဘားမားနည်းလမ်းသုံးလိုက် :P

ကိုအောင် said...

ဒီကဗျာထဲက အချစ်ဇတ်လမ်းက ရဟတ်စီးရသလို
တက်လိုက် ကျလိုက် ခံစားရတယ်ဗျာ ကောင်းတယ်နော်။

Kaung Kin Ko said...

ကဗျာဖတ်သွားတယ် အစ်ကို။ အဆုံးသတ်မှာ ဆုံစည်းနိုင်တဲ့ အချစ်မျိုးနဲ့ ကြုံတွေ့ ပါစေ။

Nyein Chan Aung said...

လာရောက်အားပေးသွားတဲ့ ဘလော်ဒ်ဂါ ရေးဖက်အားလုံးကို ကျေးဇူးတင်ပါတယ်..