18 November, 2008

ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ

တိမ်ပြာတဲ့တနင်္ဂနွေတစ်နေ့မှာ
အညောင်းမိနေတဲ့စိတ်ကို အနားပေးဖို့
ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးပြတိုက်တစ်ခုကို
အလည်ရောက်ခဲ့တယ်

တိုတောင်းပြီး 
 
လုပ်စရာတွေက သိပ်ကိုများတဲ့လူ့ဘ၀မှာ

သက်တမ်းပြည့်တာဝန်ယူပြီးသွားတဲ့
နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့
လောကအမြင်ကိုမေးစမ်းကြည့်ချင်တယ်

“ပိုက်ကွန်ထဲကရုန်းထွက်လွတ်မြောက်သွားတဲ့
ငါးတွေအကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့
တံငါသည် စီမီနာတစ်ခုလောက်လုပ်ကြည့်ချင်တယ်

အိပ်မက်နဲ့လက်တွေ့ဘ၀ဟာအလှမ်းကွာဝေးနေဆဲ
အောက်ဆီဂျင်မရှိတဲ့နေ့တွေမှာလည်း
ကျနော်တို့ဟာဆက်လျှောက်နေရဆဲ

စိတ်တိုင်းမကျဘူး

မကြေနပ်ဘူး
နွေဦးကဘယ်တော့ရောက်မှာလဲ
ပီပီပြင်ပြင်မဖြစ်သေးတဲ့ဆောင်းမှာတောင်
ကျနော်ကအအေးကြိုမိနေတယ်

ယဉ်ကျေးမူများကူးလူးဆက်နွယ်သည်ပဲဆိုပါစို့
ဒေသခံတစ်ယောက်နဲ့ ချိန်းတွေ့မိတယ်
သူ့မှာအရသာခံတတ်တဲ့ လျှာပါလာတာမသေချာဘူး
ကျနော်က အရောင်လွင့်ဂျင်းဘောင်းဘီတစ်ထည်

သူပြောတဲ့စကားလုံးတွေကိုအရသာခံဖို့
ကျနော့်မှာ အပိုနားရွက်တစ်စုံပါမသွားခဲ့တာဆိုးတယ်
သူသွားခဲ့တဲ့ကျောင်းရဲ့ ခမ်းနားထည်ဝါမူဟာ
ကျနော့်ကိုဖျားလောက်တယ်
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူကတော့
သူ့အတွက် အသစ်အဆန်းတစ်ခုခုဖြစ်နေမယ်ထင်ရဲ့

လကမ္ဘာပေါ်ကကျောက်တုံးနမူနာတစ်ကို
ကျနော့်လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်မိတယ်
ဒိုင်နိုဆောသတ္တ၀ါတွေထက်အိန္ဒိယကရောက်လာတဲ့
စိန်တုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားနေတာသေချာတယ်
၁၉၆၉မှာ အပိုလို ၁၁ ထဲပါသွားတဲ့
အာကာသယာဉ်မူး
အမ်းစထရောင်းဆိုတာ ကျနော်မေ့နေတော့
သူမက အပေါ်စီးကနေ ကျနော့်ကိုတချက်ကြည့်တယ်
နိုင်ငံတကာရှားပါးပစ္စည်းတွေက
အမေရိကားမှာဘယ်လိုဖြစ်ပြီးစုပြုံရောက်ရှိနေရတာလဲ

ကွန်ဖြူးရှပ်ကနေအဲလ်ဘတ်ကမူးအထိ
မက်ခီယာဘီလီကနေမက်ကနာယားမားအထိ
စပင်နိုဇာနဲ့ဟေရာကလိုက်တပ်
ကားလ်မက့်နဲ့ဒေးဗစ်ဟယွမ်း
သူအထင်သေးတာ မခံနိုင်လို့
ကျနော်အလွတ်ရွတ်ပြဖြစ်တဲ့ စကားလုံးများ
သူမက ကျနော့်ထက်ပိုပြီးလက်တွေ့ကျတယ်
အိုဘားမားကို ပိုပြီးစိတ်ဝင်စားပုံပြတယ်

အီရတ်ကိစ္စမှာ သူမနဲ့ကျနော် အနည်းငယ်သဘောထားကွဲကြပေမဲ့
ဗီယက်နမ်စစ်မှာ ကျနော်တို့သဘောထားချင်းတိုက်ဆိုင်ခဲ့ကြတယ်
သူမအသက်ရှူသံပြင်းပြင်းတွေမှာကျနော်ကျဆုံးသွားခဲ့ပါသလား
ကျနော့်လက်ဖ၀ါးထဲကိုင်ဆုပ်ထားတဲ့ သူမလက်ဖြူဖြူတစ်စုံကပူနွေးနေခဲ့ပြီး
သူမကိုဆုပ်ကိုင်ထားတဲ့ကျနော့်လက်တစ်စုံကအေးစက်နေကြတယ်

ယောဂလေ့ကျင့်ခန်းတွေအကြောင်း
ခန္ဒာကိုယ်ကိုစနစ်တကျထိန်းသိမ်းဖို့လိုအပ်ကြောင်း
ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်
ကလေးတွေကိုချစ်တဲ့သူမက
အိမ်ထောင်တစ်ခုတည်ဆောက်ပြီး
ကလေးငယ်လေးတွေကို
ပြုစုပျိုးထောင်ချင်တဲ့အကြောင်းပြောတဲ့အခါ
သူမရဲ့သူမတူအောင်ပွင့်လင်းမူက
ကျနော့်ကိုအရှက်ရစေတယ်
ကျနော့်ရဲ့အူကြောင်ကြောင်နိုင်မှုက
သူမကိုစိတ်ပျက်စေမယ်ထင်တယ်

ကျနော်တို့နှစ်ယောက်ရဲ့ တနင်္ဂနွေဟာ
ဝါရှင်တန်ပြတိုက်(၂)ခုမှာ အဆုံးသတ်သွားတယ်
ကျနော်တို့နှစ်ယောက်ရဲ့ အာသာဖြေဖျောက်မူဟာ
အပြန်ရထားပေါ်မှာ တစ်ယောက်ခန္ဒာကိုယ်ထဲတစ်ယောက်
အတွင်းကျကျပူးကပ်တိုးခွေ့ရင်း မိုးချုပ်သွားတယ်

ရထားစီးရာမှာ ကော်ဖီသောက်ရာမှာ
ကိုယ့်အဖိုးအခ ကိုယ်ထုတ်ပေးရတဲ့ယဉ်ကျေးမှုက
ကျနော့်တို့နှစ်ယောက်ရှေ့ဆက်ရမဲ့ခရီးကို
အတားအဆီးဖြစ်ခဲ့ပါသလား
အဆုံးသတ်မှာတော့ သေချာခဲ့ပြီ
ကျနော့်နာတာရှည်ဝေဒနာဟာ
ဆေးမြီးတိုကုထုံးတွေနဲ့မသက်သာနိုင်တော့ဘူးဆိုတာပါပဲ

ကဲ..ရှိစေတော့
ပိတ်နေတဲ့တံခါးတွေဖွင့်ဖို့
လှောင်အိမ်ထဲက ငှက်တွေလွှတ်ဖို့
လောင်မြိုက်နေတဲ့မီးတွေ ငြိမ်းသတ်ဖို့
လူ့ဘ၀ကို ကျနော် အရောက်လာခဲ့တယ်
မကျေနပ်တဲ့သူ လဲသေလို့ရတယ်။...။

ငြိမ်းချမ်းအောင်

5 comments:

ATN said...

ကဗျာဆရာ ကဗျာတွေ ဆက်ရေး ရေး မရေး ရေး
ပရိသတ်ကြီးကတော့ အားပေးနေလျက်ပါပဲ...း)

ဆက်ရေးပါ ညီရေ့... ကောင်းတယ်.....

ဆောင်းယွန်းလ said...

ပင်စင်ယူဖို့မကြိုးစားနဲ့ဦးဗျို့..ဆက်ရေးပါ.ကိုငြိမ်းချမ်းအောင်ရဲ့ကဗျာတွေကိုကြိုက်ပါတယ်.အမြဲလည်းအားပေးနေပါတယ်..

ကိုအောင် said...

တံငါသည် စီမီနာကို ကျနော်လည်း စိတ်ဝင်စား
တယ် ကိုငြိမ်းချမ်းရေ။

Anonymous said...

အလွန်တရာမှ သွေးအေးလွန်းသော ...
ဒွိဟစိတ်များဖြင့် တွေဝေတတ်သော ...
တော်ရုံလူကို အထင်မကြီးတတ်သော ...
တဘက်သား၏ ခံစားချက်ကို နားမလည်တတ်သော ...
သူတပါးကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်သာ ပို၍ ချစ်တတ်သော ...

အကြင်ပုဂ္ဂိုလ်ကား မည်မျှပင် ချစ်သူ ရည်းစား များစွာ ထားလင့်ကစား လူပျိုကြီးဖြစ်မည်မှာ အမှန် ဧကန်ပင်တည်း။
း)

Apprenticeship said...

ဒါဆို အလိုက်သိအောင်နေလိုက်ပေါ့ :P