05 December, 2007

ကျောင်းဖွင့်ချိန်

စက်တင်ဘာရဲ့ မိုးစက်ပွင့်တွေနဲ့အတူ
ကံ့ကော် သစ်ပုတ် နွေတမာ ပိတောက်
အစိမ်းရောင် ရွက်နုသစ်တွေနဲ့အတူ
မြေနီလမ်း မြေ၀ါလမ်း
အဓိပတိလမ်းမပေါ်က
ခြေထောက်လှလှလေး တစ်စုံနဲ့အတူ
ငါတို့ ကျောင်းဖွင့်ချိန်…

လောကမှာ အလှပဆုံး အဆောက်အဦးဟာ
စာသင်ကျောင်းတွေဖြစ်တယ်
လောကမှာ အပြစ်အကင်းဆုံး သက်ရှိတွေဟာ
ကျောင်းသားတွေဖြစ်တယ်
လောကမှာ အချိုမြိန်ဆုံး အသံဟာ
ကျောင်းတက်ခေါင်းလောင်းသံဖြစ်တယ်…

ကမ္ဘာမှာ
အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်
စာသင်ခန်းတွေတိုးချဲ့နေကြပြီ
အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်
ပညာရေးစနစ်တွေ ပြင်ဆင်နေကြပြီ
အနာဂတ်ကမ္ဘာမြေအတွက်
ကျောင်းသားလေးတွေ စာသင်နေကြပြီ…

အနာဂတ်အတွက်
အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာ
ပညာရေးစနစ်ဖြစ်တယ်..

တစပြင်လိုတိတ်
ငါတို့ကျောင်းတွေပိတ်
စစ်အာဏာရှင်စနစ်ရဲ့
ယုတ်မာကောက်ကျစ်မှုကြောင့်ဖြစ်တယ်

ဖွင့်ရမယ်
ငါတို့ ကျောင်းတွေ ငါတို့ကိုယ်တိုင်ပြန်ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ ပညာရေးစနစ်ကို ငါတို့ကိုယ်တိုင်ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ ဦးဏှောက်အလင်းကို ငါတို့ကိုယ်တိုင်ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ နားမျက်စိတွေကို ငါတို့ကိုယ်တိုင် ဖွင့်ရမယ်။ ။

ငြိမ်းချမ်းအောင်
၁၉၉၉။
Open School ကမ်ပိမ်းအတွက် ဤကဗျာကို ရေးဖွဲ့ခဲ့ပါသည်။

2 comments:

ကောင်းကင်ကို said...

ဖွင့်ရမယ်
ငါတို့ ကျောင်းတွေ ငါတို့ကိုယ်တိုင်ပြန်ဖွင့်ရမယ်

ကောင်းလိုက်တာဗျာ။ မာန်ပါတယ်။ အခုသူတို့ ဖွင့်နေတဲ့ကျောင်းတွေ၊ကျွန်တော်တို့ တက်ခဲ့ရတဲ့ကျောင်းတွေက ကျောင်းနဲ့ မတူတဲ့ကျောင်းတွေ၊ ထောင်ဆန်တဲ့ ကျောင်းတွေဗျ။

"ငါတို့ ကျောင်းတွေ ငါတို့ကိုယ်တိုင်ပြန်ဖွင့်ရမယ်" ကြိုက်တယ်ဗျာ။ကျောင်းသားတွေကို အင်အားဖြည့်ပေးနိုင်တယ်။

Anonymous said...

so powerful.