25 November, 2007

မိုင်ပရိုဖိုင်

သစ်တပင်လို ငါရှင်သန်
ငှက်တကောင်လို ငါပျံသန်း
မြစ်တစင်းလို ငါရှေ့ဆက်
ငါဟာ လူပီသသူ
ပုထုဇဉ်ဝါဒီတစ်ယောက်ပဲ။

ငါဟာ..
အညာကိုချစ်သလို
ကဗျာကိုလည်းချစ်သူ..

ဧရာဝတီကိုချစ်သလို
မစ်ဇူရီကိုလည်းချစ်သူ..

ငါဟာ
ကျေးလက်တေးတွေကြိုက်သလို
ဟစ်ဟော့နဲ့လည်းမြူးတတ်သူ..

ဟောလိဝုဒ်အက်ရှင်ဇာတ်ကြမ်းကားတွေကြိုက်သလို
တိုက်တင်းနစ်ကိုလည်းခံစားတတ်သူ..

ဒီလိုနဲ့ ငါရှင်သန်ခဲ့ရ ဘ၀ထဲ
ကျောကိုသပ်သပ်ပြီး
ဓါးနဲ့ထိုးဖို့ကြိုးစားတတ်သူတွေ
ဗြောင်စိန်ခေါ်ပြီး
ရူးချင်ယောင် ဆောင်သွားတတ်သူတွေ
မျက်ကွယ်မှာ အပုတ်ချပြီး
ရှေ့တင်မှာ လွမ်းပြနေတတ်သူတွေ
သူတို့တွေကြောင့်
ငါ့မျက်လုံးတွေအရောင်ရင့်
ငါ့အသံတွေမာကျော
ငါ့အမူအရာတွေရင့်သီး
ငါ့နှလုံးသားတွေအေးစက်လာခဲ့ရ။

အနာကို ဆေးမထည့်ပဲ
ပတ်တီးကြပ်ကြပ်စီးထားတတ်တဲ့ လောကကြီးထဲ
အပေါစားမိတ်ကပ်တွေ လိမ်းကျံထားတဲ့
ပြည့်တန်ဆာမတစ်ယောက်လို
လှချင်ယောင်ဆောင်ထားတတ်တဲ့ ခေတ်ကြီးထဲ
ရေလိုက်ငါးလိုက်ဆိုတဲ့စကားလုံးနဲ့
အံဝင်ခွင်ကျမဖြစ်နိုင်သေးသူဟာ ငါဖြစ်တယ်။

ငါဟာ..
ဗုဒ္ဓကို ကိုးကွယ်သလို
ယေရှုကို တန်ဖိုးထားသူ..

နော်မန်ဗက်သွန်းနဲ့
ရဲဘော်ချေကို အားကျသလို
ဦးလေးဟိုနဲ့
ဂျော့ဝါရှင်တန်ကို လေးစားသူ..

အချစ်နဲ့သိက္ခာအတွက်
သေနတ်ချင်းယှဉ်ပစ်ရဲတဲ့
ပွတ်ရှကင်
တရားတဲ့တိုက်ပွဲအတွက်
စစ်ထဲဝင်သွားရဲတဲ့
ဘိုင်ရွန်
ရှုံးပွဲမှန်းသိရက်
ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ရဲသူ
ယက်ဗ်စကီးနဲ့
မင်ဒယ်စတန်း
ဒီကဗျာဆရာတွေကို
သေကောင်းပေါင်းလဲ ချစ်တတ်သူဟာလည်း
ငါပဲဖြစ်တယ်..။

ငါဟာ...
လစ်ဘရယ်ဒီမိုကရက်တစ်ပ်ဖြစ်သလို
ဒိုင်ယာလက်တစ်ပ်ကိုလည်း ကျေညက်ချင်သူ
လူ့ယဉ်ကျေးတို့ရဲ့ ‘လူသားချင်းစာနာမူ’ ခေါင်းစဉ်တတ်ထားတဲ့
အဆိပ်လူးမျှားတွေကို သဘောမကျတတ်သလို
အာဏာရှင်တို့ရဲ့ 'အရူးထမူ' ကိုလည်း ဆန့်ကျင်တတ်သူ..

ငါဟာ..
အသစ်နဲ့အဟောင်းတို့ရဲ့ ပေါင်းကူးတံတား
အချစ်နဲ့မြစ်တို့ရဲ့ တမန်တော်
ပန်းပွင့်တွေအတွက် လေပြေ
ကျောက်ဆောင်တွေအတွက် မုန်တိုင်းဖြစ်ချင်သူ။

ငါဟာ..
ပွင့်ချပ်လေးတစ်ဖပ်လို နူးညံ့ချင်သလို
တောရိုင်းသတ္တ၀ါတစ်ကောင်လိုလည်း
ရိုင်းစိုင်းကြမ်းတမ်းချင်သူပါ..။
ဒီလိုနဲ့..
နေတတ်သူတွေအတွက်
ကြေနပ်စရာ ကမ္ဘာကြီးထဲ

သစ်တပင်လို ငါရှင်သန်
ငှက်တကောင်လို ငါပျံသန်း
မြစ်တစင်းလို ငါရှေ့ဆက်
ငါဟာ လူပီသသူ
ပုထုဇဉ်ဝါဒီတစ်ယောက်သာဖြစ်တယ်..။

ငြိမ်းချမ်းအောင်
၂၅ နိုဝင်ဘာ ၂၀၀၇

9 comments:

Mintasay said...

really really a nice poem, bro....it's absolutely touching.

ကောင်းကင်ကို said...

ကဗျာ အရမ်းကြိုက်တယ်ဗျို့ ။

ကောင်းကင်ကို said...

"ကျောကိုသပ်သပ်ပြီး
ဓါးနဲ့ထိုးဖို့ကြိုးစားသူတွေ
ဗြောင်စိန်ခေါ်ပြီး
ရူးချင်ယောင် ဆောင်သွားတတ်သူတွေ
မျက်ကွယ်မှာ အပုတ်ချပြီး
ရှေ့တင်မှာ အားကျနေတတ်သူတွေ"

ဆန့် ကျင်ဘက်တွေကို ယှဉ်ဖွဲ့ ထားတာ ထိတယ်ဗျာ။

ကောင်းကင်ကို said...

"အနာကို ဆေးမထည့်ပဲ
ပတ်တီးကြပ်ကြပ်စီးထားတတ်တဲ့ လောကကြီးထဲ"

"ငါဟာ..
အသစ်နဲ့အဟောင်းတို့ရဲ့ ပေါင်းကူးတံတား
အချစ်နဲ့မြစ်တို့ရဲ့ တမန်တော်
ပန်းပွင့်တွေအတွက် လေပြေ
ကျောက်ဆောင်တွေအတွက် မုန်တိုင်းဖြစ်ချင်သူ။"

ပြောင်မြောက်တဲ့ အဖွဲ့ တွေပါပဲဗျာ။

chaos said...

ကဗျာလေးက
အားအပြည့်ပါလား
အစ်ကို
ကောင်းတယ်
ပုံပေါ်တယ်

pandora said...

ဘယ်လိုလူလဲ သိပါပြီ
စကားလုံးတွေက တယ်လန်းပါလား

မိုးချစ်သူ said...

အကိုရေ စာလုံးလေးတွေရော
အတွေးကို ပါအရမ်းကြိုက်တာပဲ။

ကျောကိုသပ်သပ်ပြီး
ဓါးနဲ့ထိုးဖို့ကြိုးစားသူတွေ
ဗြောင်စိန်ခေါ်ပြီး
ရူးချင်ယောင် ဆောင်သွားတတ်သူတွေ
မျက်ကွယ်မှာ အပုတ်ချပြီး
ရှေ့တင်မှာ အားကျနေတတ်သူတွေ
လူ့ယဉ်ကျေးတို့ရဲ့ ‘လူသားချင်းစာနာမူ’ ခေါင်းစဉ်တတ်ထားတဲ့
အဆိပ်လူးမျှားတွေကို သဘောမကျတတ်သလို
အာဏာရှင်တို့ရဲ့ 'အရူးထမူ' ကိုလည်း ဆန့်ကျင်တတ်သူ..
အသစ်နဲ့အဟောင်းတို့ရဲ့ ပေါင်းကူးတံတား
အချစ်နဲ့မြစ်တို့ရဲ့ တမန်တော်
ပန်းပွင့်တွေအတွက် လေပြေ
ကျောက်ဆောင်တွေအတွက် မုန်တိုင်းဖြစ်ချင်သူ။

အဲစာပိုဒ်လေးတွေ အရမ်းကြိုက်တာပဲ။
ကျေးဇူးအကို။ ဆက်ရေးပါဦးနော်

Saung Yune La (aka) Way said...

အနာကို ဆေးမထည့်ပဲ
ပတ်တီးကြပ်ကြပ်စီးထားတတ်တဲ့ လောကကြီးထဲ
အပေါစားမိတ်ကပ်တွေ လိမ်းကျံထားတဲ့ ပြည့်တန်ဆာမတစ်ယောက်လို
လှချင်ယောင်ဆောင်တတ်တဲ့ ခေတ်ကြီးထဲ
ရေလိုက်ငါးလိုက်ဆိုတဲ့စကားလုံးနဲ့
အံဝင်ဂွင်ကျမဖြစ်နိုင်သေးသူဟာ ငါဖြစ်တယ်။
Very good and meaningful.....

Yaw Han Aung said...

ရှိနေတဲ့ ပရိုဖိုင်းကို ဖော်မက်တော့ မချလိုက်ပါနဲ့။ ကောင်းနေလို့ပါ။