20 December, 2007

ငါ ဖတ်ချင်တဲ့ ဒီဇင်ဘာ

ခေါင်းအုံးဘေးမှာ
ဖတ်လက်စ စာအုပ်တစ်ချို့
ဖုန်းတစ်လုံး၊ ကွန်ပြူတာတစ်ခု
ပြီးတော့ ငါ့ခေါင်းထဲမှာ မရေမရာ
အတွေးစတချို့နဲ့အတူ
နှင်းရဲ့မနက်ခင်းဟာ ငါ့ကိုစောင့်ကြိုနေခဲ့ပြန်ပြီ

မောဟိုက်စွာ အိပ်ရာဝင်ခဲ့တဲ့ငါ
မွန်းကြပ်စွာ နိုးထလာခဲ့

တစ်ခါတစ်ခါ
အာဖရိက ခြင်္သေ့တစ်ကောင်လို
ကျယ်လောင်ပေါက်ကွဲပစ်လိုက်ချင်စိတ်က
ငါ့ကိုပူလောင်တယ်
မြိုသိပ်ထားရတဲ့ တင်းမာမှုတွေက
ငါ့ကိုလောင်မြိုက်တယ်

ဖြည့်စွက်ပြင်ဆင်ရန်လိုနေသေးသော စီမံကိန်းများ
နိဂုံးမချုပ်နိုင်သေးသော မိုင်းစတုန်းများ
အစီရင်ခံစာများ၊ မြေပုံကားချပ်များ
ပြည်တော်ပြန် ဇာတ်ဝင်ခန်းများ ရောယှက်ယက်ဖောက်
ပြည်ပြေးတစ်ယောက်ရဲ့ အိပ်မက်တွေဟာ
ဆောင်းတစ်ညမှာ အဆက်အစပ်မဲ့

ဦးလေးဟိုခင်ဗျာ ကျနော့်ကို တော်လှန်တဲ့ဝိညာဉ်ပူးကပ်ပါ
ဒါပေမဲ့ ဦးလေးဟိုလို အထီးကျန်မဖြစ်ချင်ပါ
နိုင်ငံမဲ့ပေမဲ့
အချစ်မမဲ့ခဲ့ပါကွယ်
“နှင်းပွင့်ဖြူ” ရေ…
ငါ့ကို အေးမြပါ၊ ဖျန်းဆွတ်ပါ
နှင်းရဲ့ စာနာနားလည်မှုနဲ့
ငါ့ရဲ့ ပြတင်းတံခါးတွေ ပြန်ဖွင့်ပါရစေ

စွန့်လွှတ်ဖက်တွယ်မူက ဘ၀ကို နာကျင်စေတယ်
ကိုယ်လွတ်ရုန်းထွက်မူက တစ်ဘ၀စာအတွက် ပြီးပြည့်စုံတယ်
အိမ်ယာထူထောင်ခြင်းဆိုတာ ဘ၀ရဲ့ မဖြစ်မနေလိုအပ်ချက်တခု
(မကြားပါရစေနဲ့)
အညံ့ခံသူတစ်ယောက်ပြောတဲ့ ငြိမ်းချမ်းရေးစကားကို မကြားပါရစေနဲ့

ငါ ရေဆာတယ်....
ငါ ရင်ပူတယ်....

အတိတ်က ခြောက်လှန့်ပြီး
အနာဂတ်က မွန်းကြပ်တယ်
ပစ္စုပ္ပန်မှာတော့ ငါဟာအလဲလဲ အကွဲကွဲ

ရန်သူရဲ့ မိတ်ဆွေဟာ
ရန်သူဖြစ်
ရန်သူရဲ့ ရန်သူဟာ
မိတ်ဆွေဖြစ်
နှင်းရေ…
မင်းဟာငါ့ရဲ့ ထာဝရအမှန်တရားပါ
မင်းဟာငါ့ရဲ့ အမြဲစိမ်းသစ်တော
မင်းဟာငါ့ရဲ့ ဒီဇင်ဘာ
မင်းဟာငါ အမြဲဖတ်ချင်တဲ့ကဗျာတစ်ပုဒ်
မင်းဟာငါ့ရဲ့ နိဒါန်း
မင်းဟာငါ့ရဲ့ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်
မင်းဟာငါမခူးရက်တဲ့ နှင်းဆီဖြူ

အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းမှာ
ချစ်ခြင်းမေတ္တာပါတယ်

ငါ့အတွက်
နှင်းမရှိတဲ့ မနက်ခင်းဟာ
အနုမြူဗုံးကျဲချခံလိုက်ရတဲ့ မြို့တစ်မြို့ဖြစ်တယ်
စစ်ရူံးထားတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်
နှင်းက အေးမြတယ်
ငါက ပူလောင်တယ်
နှင်းက ဖြူစင်တယ်
ငါက ညစ်ထေးတယ်

နှင်းရေ ငါ့ကို ငြိမ်းသတ်ပါ
မီးတောင်က ချော်ရည်တွေလို
ငါ့ရင်မှာ ပူလောင်လှချည်ရဲ့

ဂရင်းကင်ညွန်ချောက်ထက် နက်ရှိုင်းတဲ့မေတ္တာတွေနဲ့
ပစိဖိတ်သမုဒ္ဒရာထက် ကျယ်ပြန့်တဲ့ချစ်ခြင်းနဲ့
ငါမင်းကိုတပ်မက်တယ်

ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှမိုးမခေါင်နိုင်ပါ
ဆန်ရေစပါးရှားပါးတဲ့နိုင်ငံမှာ
ချစ်မေတ္တာတွေ ချောင်းကောတစ်ခုလို
သောင်ထွန်းတတ်ပါသလား

အစာအာဟာရမပြည့်ဝတဲ့
မွဲခြောက်ခြောက်အရေပြားအောက်က
လောင်မြိုက်နေတဲ့နှလုံးသားများ
ချစ်မေတ္တာကို ဆာလောင်သလား
အလိုရမ္မက်အတွက် ရှင်သန်သလား

အို.. ငါဘာမှမစဉ်းစားချင်သေးပါ
အခုလောလောဆယ် ဘာမှမသိချင်သေးပါ
တိုင်းရေး ပြည်ရေး ငါ့ကိုဘာမှ မဆွေးနွေးကြပါနဲ့
ငါအိပ်ရေး ၀၀ အိပ်ပါရစေ
ငါ့ကို ရေတစ်ခွက်လောက်တိုက်ပါ
ပြီးရင် နှင်းအကြောင်းစဉ်းစားရဦးမယ်

ကမ္ဘာမြေခင်ဗျာ
ခင်ဗျားရဲ့ပူနွေးလာတဲ့ ကျောကုန်းပေါ်မှာ
ကျနော့်ရဲ့သတို့သမီး “နှင်းပွင့်ဖြူ” ကို မွေးဖွားသန့်စင်ပေးခဲ့တဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါတယ်
ကျနော်ဟာ ဗမာပြည်လို့ခေါ်တွင်တဲ့
ဆင်းရဲစုတ်ပြတ်တဲ့ တိုင်းပြည်တစ်ခုက
ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို အငမ်းမရ ဆာလောင်နေတဲ့
မအောင်မြင်သေးတဲ့ အညတရတော်လှန်ရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ။

ငြိမ်းချမ်းအောင်
၁၉ ဒီဇင်ဘာ ၂၀၀၇

5 comments:

ကောင်းကင်ကို said...

blog နာမည်ပြောင်းလိုက်ပြီပေါ့။ ကဗျာလေးကောင်းတယ်ဗျာ။ နှလုံးသားတွေ ပိုနူးညံ့လာတယ်ထင်တယ်။ :-)

einlay said...

မင်္ဂလာပါအကို။
blog နာမည်ပြောင်းထားတာဘာလဲ ဖတ်ချင်လိုပါ။
နှင်းပွင့်ဖြူတဲ့ လား၊

Saung Yune La (aka) Way said...

နှင်းရေ…
မင်းဟာ ငါ့ရဲ့ ထာဝရ အမှန်တရားပါ
မင်းဟာ ငါ့ရဲ့ အမြဲစိမ်းသစ်တော
မင်းဟာ ငါ့ရဲ့ ဒီဇင်ဘာ
မင်းဟာ ငါ အမြဲဖတ်ချင်တဲ့ကဗျာတစ်ပုဒ်
မင်းဟာ ငါ့ရဲ့ နိဒါန်း
မင်းဟာ ငါ့ရဲ့ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်
မင်းဟာ ငါ မခူးရက်တဲ့ နှင်းဆီဖြူ
စကားလုံးအသုံးအနှုံးလေးတွေသိပ်လှတယ်ဗျာ။ ကြိုက်
တယ်ဗျာ

Mintasay said...

အိမ်ယာထူထောင်ခြင်းဆိုတာ ဘ၀ရဲ့ မဖြစ်မနေလိုအပ်ချက်တခု
(မကြားပါရစေနဲ့)
အဲဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲဗျ

Anonymous said...

what a nice poem!!!
after read it, i can see the poet's heart and feeling deeply.

love is never die .. never old.

Be peace and calm ...