13 November, 2007

လူကြမ်းမင်းသား

ငါလူကြမ်းလုပ်ရရင်ကောင်းမလား
မကျေနပ်တာတွေကများ
ရှင်းပြဖို့လည်းအခက်သား…

ငါ့စိတ်မှာလူအများနဲ့စကားများ
လူကြမ်းလုပ်ရရင်ကောင်းမလားငါစဉ်းစား
သူတို့ပြောတာတွေကိုလည်းငါကမကြိုက်
ငါကိုယ်တိုင်ကလည်းရူးရူးမိုက်မိုက်…

စိတ်အချဉ်ပေါက်သမျှအန်ချပစ်လိုက်ရမလား
သတင်းစာတိုက်ထောင်ရရင်ကောင်းမလားငါစဉ်းစား
အရင်းအမြစ်မရှိတော့လည်းအခက်သား…

အမြင်ကတ်တဲ့သူတွေအချွန်နဲ့တွန်းတင်ရမလား

ပရိုဂရမ်မာ
လုပ်ရရင်ကောင်းမလားငါစဉ်းစား
အလုပ်ပြုတ်လာတဲ့သူတွေကခပ်များများ
ငါ့အတွေးများကေ၀၀ါးဝါး…

ရင်ထဲမှာပြောစရာတွေကများ
ငါကဗျာဆရာလုပ်ရရင်ကောင်းမလား
စကားလုံးတွေကမထွက်
ရင်ထဲမှာပြောစရာတွေကပြည့်နှက်
ငါ့ကွန်ပြူတာလည်းဆေးသားတွေကွက်
ငါ့လက်ဖျားတွေလည်းအေးစက်…

လေ့လာစရာတွေကလည်းများ
ငါဟားဘတ်စ်သွားရရင်ကောင်းမလား..
ဒါမှမဟုတ်..ခဏတဖြုတ်အနားယူရမလား
ဥရောပတိုက်မှာပဲငါတောခိုရရင်ကောင်းမလား….
ဟားဘတ်စ်လည်းငါကမမီ
ယူအန်ပရောစက်ကိုလည်းငါကမကြည်
အစိုင်လမ်ကိုလည်းငါကသိပ်မသတီ…
ဒီလိုနဲ့…
ငါ့ကိုယ်ငါလည်းဘ၀င်မကျ
ခေတ်ကြီးကလည်းငါ့ကိုဘ၀င်မကျ
ငါ့စဉ်းစားချက်တွေမကြာခဏကြေမွ
အခုတိုင်ဘော်ဒါမှာပဲအနေကျ
ဒါကိုပဲငါကွလို့ငါကဘ၀င်တွေကျ…

ဗမာပြည်ကြီးကိုငါကယ်တင်ရမယ်စဉ်းစား
တကယ်တော့ငါကအတွေးသမား
ဟား…ဟား…ငါ့အိပ်မက်တွေထဲမှာငါကမင်းသား
အပြင်ဖက်မှာတော့ငါကဖွတ်ကြား…

အနာဂတ်ကိုလည်းငါကသံသယပွား
ဒို့လူများဆရာကခပ်များများ
အတိတ်သမိုင်းကငါ့ကိုခြောက်ခြား...

နိုင်ငံရေးသမားတွေကလည်းစကားသိပ်များ
ငါကလည်းလူပေါင်းမှား
ခေတ်ကြီးကရောကောင်းသလား…

ငါ့ပတ်ဝန်းကျင်ကိုလည်း ငါကစိတ်ပျက်
ညနေခင်းဆိုအဆိပ်တက်
ဝေးဝေးကိုပြေးထွက်ဖို့လည်းသိပ်ခက်…

ခေတ်ကြီးကလည်း…ပုပ်ပွ
လူတွေကလည်း…ဒုက္ခ
အတွေးအခေါ်တွေကလည်း…ရူပ်ပွ
ငါ့ကဗျာတွေလည်း…ရောသမ
ဒါယဉ်ကျေးမူလား ငါစဉ်းစား
နောက်ဆုံးမှာဟုန်ထောင်နဲ့ငါနှစ်ပါးသွား
အော်…တယ်ဂွကျပါလား…

ငါပြောချင်တာတွေပြောနိုင်ဖို့
ဘလော်ဂါလုပ်ရရင်ကောင်းမလားငါစဉ်းစား
မိတ်ဆွေဖွဲ့ဖို့ကျ ငါကအပျင်းသား
ခေတ်လူငယ်တွေကလည်းတကယ့်အမိုက်စား…

ပတ်ဝန်းကျင်သစ်မှာတော့ငါကအစိမ်းသက်သက်
လူငယ်တွေကလည်းနှိပ်စက်
ရူးရူးမိုက်မိုက်ငါကလည်းရှေ့ဆက်…

ဟော..အခုတော့ငါကိုယ်တိုင်လည်းအမိုက်စား
လူငယ်တွေကြားမှာငါကစတိုင်ထွား
မိတ်ဆွေသစ်တွေလည်းတိုးပွား
လားလား..ငါဟာဘလော်ဂါတစ်ယောက်ဖြစ်နေပါရောလား…

ဒါပေမဲ့ငါ့မှာလိုနေတာကခပ်များများ
ငါစာရင်းလုပ်ရရင်ကောင်းမလား
ငါ့ကဗျာတွေဖတ်ဖို့ပရိသတ်လိုတယ်
ငါ့ဘလော့ run ဖို့ စိတ်ဓါတ်ခွန်အားတွေလိုတယ်…
ငါ့စိတ်အညစ်အကြေးတွေဆေးကြောသန့်စင်ဖို့ ယောဂကျင့်စဉ်တွေလိုတယ်..
ငါနိုင်ငံရေးသမားလုပ်ဖို့ထောက်ခံမူလိုတယ်..
ငါလူကြမ်းလုပ်ဖို့ ရုပ်ခံလိုတယ်…
ငါ့တိုင်းပြည်လွတ်မြောက်ဖို့ သူရဲကောင်းစိတ်ဓါတ်လိုတယ်…

လူငယ်တွေကလည်းအချစ်ဆိပ်တက်
ရည်းစားမရှိတဲ့ငါကလည်းအအိပ်ပျက်
ဗမာပြည်ကြီးကိုကယ်တင်ဖို့လည်းသိပ်ခက်
ဒီလိုနဲ့ငါစဉ်းစား
ငါလူကြမ်းလုပ်ရရင်ကောင်းမလား..။

ငြိမ်းချမ်းအောင်၁၃ နိုဝင်ဘာ ၂၀၀၇။

၁။ အသက် (၈၈) နှစ်ကျော်ပြီဖြစ်သော “မဟာကဗျာဆရာကြီး” ဟုခေါ်ဆိုသမုတ်ခံရသူ ဆရာ ဒဂုန်တာရာက ၄င်း၏နွေရာသီ စံနန်းရိပ်သာ အောင်ပန်းအိမ်တွင် မောင်သာချိုနှင့် (၂၀၀၇ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် - ပိတောက်ပွင့်သစ်၊ စက်တင်ဘာ ၂၀၀၇) စကားပြောနေစဉ်.. မောင်သာ ချို၏ “ဆရာ Hip Hop ကြိုက်သလား စိုင်းစိုင်းခမ်းလိုင်တို့ ဘာတို့” ဟူသော အမှတ်မထင် မေးခွန်းကို “ကြိုက်တယ်ဗျ” ဟုမဆိုင်းမတွဖြေဆိုခဲ့ပါသည်။ ဟစ်ဟော့သီချင်း တော်တော် များများကို ကြိုက်တယ်ဟုလည်း ၄င်းက ထပ်ပြောပြီး.. “စိုင်းစိုင်းတို့က ကာရန်တွေဘာတွေ မလွတ်ဘူးဗျ” ဟုလည်းမိန့်ကြားခဲ့ပါသည်။ ခေတ်မီလွန်းပေစွဟုပင် ပြောရမည်လား…။ တကယ်တော့ ဟစ်ဟော့ သီချင်းအများစုမှာ ချောမွေ့ပြေပြစ်လှ၍ နားထောင်ရသူကို ရင်ထဲသို့ လျှောကနဲဝင်သွားအောင် စွမ်းဆောင်နိုင်သည်ဆိုခြင်းကို ငြင်း၍မရနိုင်။ ကျနော်လည်းဤ ကဗျာအား ဟစ်ဟော့ သံပေါက်အတိုင်း ကြိုးစား၍ ရေးစပ်ထားပါသည်။

၂။ အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် ယူအန်ဖြတ်၍ တတိယနိုင်ငံ ထွက်ခွာ သွားရသူများ၊ ခရီးသွားရင်း၊ ကျောင်းတက်ရင်း အစိုင်လမ်ခံလိုက်ရသူများကို (လုံးဝ) ထိပါးစော်ကားခြင်း မဟုတ်ကြောင်း ကြိုတင်တောင်းပန်ပါသည်ခင်ဗျာ။

9 comments:

ဒဗလျု အယ် said...

ဘာလဲ..။ ရေးပြီးမှ စော်ကားတာ မဟုတ်ပါဘူးလေး ဘာလေးနဲ့။ မရဘူး။ ရေးပြီးစလစ်ပဲ။ မှတ်ထားလိုက်ပြီ။ ကိုယ့်ဖာသာ တတိယနိုင်ငံထွက်ပြေးလာတာတောင် အေးအေးဆေးဆေးမနေရဘူး။

ဟစ်ဟော့သံပေါက်လို့ သုံးလိုက်တာတော့ ကြိုက်တယ်ဗျို့။ ကိုယောဟန်အောင်၊ အခု ခင်ဗျား၊ ကြိုက်တယ်ဗျို့။ ယုံယုံကြည်ကြည်ရေးပါဗျ။ ကိုယ့်စေတနာမမှားဘူးဆို နားလည်ကြမှာပါ။ ခင်ဗျားခံစားချက်တွေကိုလည်း ကဗျာဖတ်ရင်း နားလည်သွားပြီဗျာ။ တခေတ်လုံးကို ထင်ဟပ်နိုင်ပါပေရဲ့။

အင်း.. ဆရာဒဂုန်တာရာကတော့ ခင်ဗျားပြောသလိုပဲ ခေတ်မီလွန်းပေစွလို့ ပြောရတော့မှာပဲ။ တကယ်တော့ ဟစ်ဟော့ဟာ ဂီတကိုလည်း ဖျက်ဆီး၊ ကဗျာ့ဂုဏ်ရည်ကိုလည်း ဖျက်ဆီးလို့ တချို့က စွပ်စွဲကြတာပဲ။ အရင် စတီရီယိုလိုပဲပေါ့ဗျာ။ ကြိုဆိုသူလည်းရှိ၊ ငြင်းဆန်သူလည်းရှိ။ ရေစုန်ဝင်မျှောတဲ့သူလည်းရှိ၊ တကယ်လေးလေးနက်နက် လုပ်သူတွေလည်းရှိပေါ့ဗျာ။
အသစ်တို့ ထုံးစံအတိုင်းပါပဲ။ အခုခင်ဗျားတို့ အားထုတ်မှုကလည်း အသစ်ဆိုပါတော့။ ကြိုဆိုလိုက်ပါတယ်ဗျာ။

သတိထားမိတာက ဟစ်ဟော့မှာကော၊ အခု ဟစ်ဟော့သံပေါက်မှာကော အလင်္ကာတွေ ထူပြိန်းမနေ၊ တဦးမှ အခြားသူများစွာဆီ တိုက်ရိုက်သယ်ပို့ ကူးစက်စေတာပါပဲ။ လော်ရီကားကြီး ဖင်ထောင်ပြီး ကျောက်စရစ်ခဲ ကားတစီးစာလုံးကို သွန်ချလိုက်သလို တဖြောဖြောနဲ့အသံတွေကို ဖတ်ရင်းနဲ့ နားထဲမှာ ကြားလာရတယ်။

ဆရာဒဂုန်တာရာစကားပဲ ငှားပြောလိုက်ပါရစေတော့ဗျာ။
အခုခင်ဗျားကဗျာဟာ အတတ်ပညာလည်း မမဲ့သလို အဘိဓမ္မာလည်း မမဲ့ဘူး ဆိုတာပါပဲ။ ခေတ်ပေါ်လွန်းပေစွ။

Saung Yune La (aka) Way said...

I like this poem Ko Nyein Chan Aung. Carry on bro.

chaos said...

ဟာဟ
တော်တော်ကောင်းတယ်
ကြိုက်တယ်
တစ်ခါတစ်လေ
စိတ်အခြေအနေကို
ကဗျာနဲ့ပြရတာပိုထိရောက်သလိုပဲနော်

Nyein Chan Aung said...
This comment has been removed by the author.
Anonymous said...

Comment deleted

This post has been removed by the author.

March 4, 2008 8:50 AM

Anonymous said...

Blogger ~P~ said...

ဖက်ရတာ မိုက်တယ်...အကိုရေ.. :)

March 4, 2008 8:52 AM

Anonymous said...

Blogger စိုင်းခမ်းထွန်း said...

ဟီး ......
ဟစ်ဟော့ မို့လား မသိဘူး ဖတ်လို့တော့ အကောင်းသားဗျ .....

Saing Khan Tun

March 4, 2008 9:54 AM

Anonymous said...

Blogger Saung Yune La (aka) Way said...

ဟစ်ဟော့သီချင်းတစ်ပုဒ်ဆိုလိုက်ရရင်ကောင်းမလား
အိမ်မပြန်ရသေးတဲ့အကြောင်းရင်းတွေကလည်းများသား
ကိုငြိမ်းချမ်းအောင်ရဲ့ကဗျာတစ်ပုဒ်ကလည်းအကောင်း
စား......

March 4, 2008 11:33 AM

Anonymous said...

စိုးထက် - Soe Htet ! said...

သံစဉ် ထည့် လိုက် ရင် ပြီး ပြီ :P

March 4, 2008 2:48 PM