23 January, 2011

သမီးလေး ယမုံသော်အတွက် ၂၁ ရာစုဖတ်စာ

သမီးလေးတို့ ၂၁ ရာစု ကျောင်းသင်ခန်းစာမှာ
သူရဲကောင်းတွေအကြောင်းပါချင်မှပါလိမ့်မယ်

သမီးလေးတို့ ၂၁ ရာစု ကျောင်းမှာ
စွန့်လွှတ်ပေးဆပ်သူတွေအကြောင်းထက်
စွန့်စားခေါင်းပုံဖြတ်သူတွေအကြောင်း
သင်ယူချင်သင်ယူရလိမ့်မယ်

နောင်နှစ်ပေါင်း ၂၀ လောက်ကြာရင်လည်း
သခင်အောင်ဆန်း၊ ကိုဗဟိန်းထက်
လမ်းထိပ်က အတိုးချေးစားတဲ့အဒေါ်ကြီးကို
လူသိများချင်ပိုများလာလိမ့်မယ်

အဲဒီအဒေါ်ကြီးက လူရာပိုဝင်ချင် ၀င်လာလိမ့်မယ်

ရဲဘော်တစ်ယောက်ကျဆုံးတိုင်း
ခွပ်ခေါင်းအလံအုပ်ပြီး
ကျွန်တော်တို့ နူတ်ဆက်ဦးညွှတ်အလေးပြု လိုက်ကြရုံ ဒီလောက်ပဲလား..

စင်ရော်တွေ ကျောက်ဆောင်ကွယ်မှာ အိပ်တန်းရှာနေပြီ
အနောက်ဖက်မိုးကုပ်စက်ဝိုင်းထဲနေလုံးကြီးငုတ်ကနဲဝင်သွားသလို
ဘ၀ဆိုတာ ရေတစ်ပွက်စာပဲ

ကျွန်တော်ဆုတောင်းတယ်
ချစ်တတ်တဲ့နှလုံးသားတွေဟာ
ကမ္ဘာမြေမှာ မြေဆီမြေသြဇာအဖြစ်ပြန်လည်ရှင်သန်ထမြောက်ပြီး
အချစ်ကင်းမဲ့တဲ့နှလုံးသားတွေဟာ
ကမ္ဘာမြေမှာ အက်ဆစ်အဆိပ်ဓါတ်အဖြစ် ပျောက်ကွယ်တိမ်ကောသွားပါစေသား!!!

ချစ်ခြင်းဖြင့်သာ ကြွယ်ဝသော ကမ္ဘာမြေ ထာဝရ တည်တံ့နိုင်ပါစေ!!!

သွားနှင့်တော့ ကိုသော်ဇင်ရေ..
သမီးလေး ယမုံသော်တို့မောင်နှမတွေမေးလာခဲ့ရင်
သူရဲကောင်းတစ်ယောက်တစ်ကယ်ရှိခဲ့တယ်ဆိုတာ
ကျွန်တော်တို့ပြောပြလိုက်ပါ့မယ်

ကမ္ဘာမြေထုနဲ့ထပ်တူထပ်မျှ
ကောင်းကင်ပေါ်ကကြယ်စင်အလင်းတန်းတွေနဲ့အတူတကွ
သင့်နောက်ဆုံးခရီးကို ၀မ်းနည်းညှိုးငယ်စွာ
နူတ်ဆက်လိုက်ပါတယ်
Good Bye!!!

ငြိမ်းချမ်းအောင်

ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲစွာဖြင့်။
ဇန်န၀ါရီ ၂၂၊ ၂၀၁၁

1 comment:

Loanma said...

"သွားနှင့်တော့ ကိုသော်ဇင်ရေ..
သမီးလေး ယမုံသော်တို့မောင်နှမတွေမေးလာခဲ့ရင်
သူရဲကောင်းတစ်ယောက်တစ်ကယ်ရှိခဲ့တယ်ဆိုတာ
ကျွန်တော်တို့ပြောပြလိုက်ပါ့မယ်"

ကျမတို့အားလုံး ကိုသော်ဇင် (ခ) ကိုသန်းလွင်ကို အမြဲသတိရနေကြမှာပါ။