31 August, 2011

ဘလော့ဒေးအမှတ်တယ တဂ်ပိုစ့်

တဂ်သူ ကိုအောင် (ပျူနိုင်ငံ)
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကာလမှာ နစ်နေမန်း၊ ကိုထိုက် ဘလော့တွေမှာ မြန်မာပြည်အရပ်ရပ်က Citizen Journalist တွေပေးပို့တဲ့ သတင်းတွေဟာ စက္ကန့်နဲ့မိနစ်နဲ့အမျှ တက်နေခဲ့တယ်။ ထင်ပေါ်ကြော်ကြားတဲ့ မြန်မာ သတင်းဌာနတွေ၊ နိုင်ငံခြားသတင်းဌာနတွေထက် အဲဒီဘလော့တွေဟာ သတင်းတင်ဆက်မှု ပိုမိုမြန်ဆန်၊ ပိုမိုပြည့်စုံ၊ ပိုမိုပြီးဝေေ၀ဆာဆာဖြစ်ခဲ့တယ်။ မီဒီယာလွတ်လပ်ခွင့်အတွက် ဘလော့တွေဟာ တတပ်တအားပါဝင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာပဲ မြန်မာပြည်တွင်းက ဘလော့ရေးသူတချို့လည်း ပေါ်ထွက်လာတာ မှတ်မိနေတယ်။ တကယ်တော့ အဲဒီမတိုင်ခင် ကတည်းက မြန်မာဘလော့ဂါတချို့ ရှိခဲ့ပေမဲ့၊ ၂၀၀၇ စက်တင်ဘာ ကာလမှာတော့ မြန်မာတွေကြားမှာ ဘလော့တွေ လူသိများလာပြီး၊ ကိုယ်ပိုင်ဘလော့ဖွင့်တဲ့ မြန်မာလူငယ်တွေ အလျှိုလျှိုပေါ်ထွက် လာခဲ့တယ်။ သတင်း၊ ကာတွန်း၊ အက်ဆေး၊ ၀တ္တု၊ ကဗျာ၊ ယုတ်စွအဆုံး၊ ဓါတ်ပုံ၊ ဗွီဒီယို ကိုယ်ကြိုက်ရာ တင်လို့ရတဲ့ အင်တာနက်စာမျက်နှာဆိုတော့ အင်တာနက်ပေါ်မှာ လက်သွေး ချင်တဲ့ လူတွေအတွက် (ပျင်းလို့ပဲဖြစ်ဖြစ်၊ တင်းလို့ပဲဖြစ်ဖြစ်၊ ဘယ်အကြောင်း ကြောင့်နဲ့ပဲ ဖြစ်ဖြစ်) ဘလော့တွေက အကောင်းဆုံး ၀န်ဆောင်မှုကိုပေးခဲ့တယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုသော်လည်း ဘလော့တွေကတော့ ဘလော့ပိုင်ရှင် ရေးလိုရာရေး၊ တင်လိုရာတင် သခင့်အလိုကျ အလိုလိုက်အကြိုက်ဆောင်ဖို့ အသင့်ပါပဲ။ ကျနော်လည်း (၃၀ စက်တင်ဘာ ၂၀၀၇)မှာ ဒီ ဘလော့ကိုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီဘလော့ကြောင့်ပဲ နှစ်တော်တော်ကြာမရေးဖြစ်ခဲ့တဲ့ ကဗျာတွေပြန်ရေးဖြစ်ခဲ့ပြီး၊ ဒီကဗျာတွေကလည်းပဲ တချိန်ချိန်မှာ ကျနော့်ကိုယ်စား ကမ္ဘာမြေပြင်မှာ ကျန်ရစ်ခဲ့မဲ့ အမှတ်တယ ပစ္စည်းတွေပဲဆိုပါတော့..။
အားလုံးကိုချစ်ခင်လျှက်..
ငြိမ်းချမ်းအောင်
သြဂုတ် ၃၀၊ ၂၀၁၁
စာကြွင်း…ကိုအောင်၊ ကျနော်က ပျူသားအစစ်ပါ၊ ပေါင်းတည်-ပြည်-ပေါက်ခေါင်း ပဲခူးတိုင်း အနောက်ခြမ်းဒေသတွက ကျနော့်ဇာတိ။

1 comment:

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော့်ဘလော့ တန်ပလိတ် ပြဿနာဖြစ်နေလို့ လင့်ခ်တွေ ပြန်ဖြုတ်၊ ပြန်ထည့်တော့ ကိုငြိမ်းချမ်းလင့် ပြန်မထည့်ရသေးဘူး၊ ကျနော့်တက်ဂ်ကို ရေးပေးတဲ့ ကိုငြိမ်းချမ်းကို ကျေးဇူးတကယ် တင်ပါတယ်၊ ဧရာဝတီအတွက် ကဗျာရေးထား ရှိလား။ တခြား ဘလော့မိတ်ဆွေတွေရှိရင် ဧရာဝတီအတွက် ရေးပေးပါအုံးလို့၊ သူတို့ရေးထားရင်လည်း လင့်ခ်တွေ တချက်လောက် သိချင်တယ် ကိုငြိမ်းချမ်းရေ၊ ကျေးဇူးနော် ...