06 February, 2008

ငါက စနက်တံဖြုတ်ထားတဲ့ ကောင်

ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်ဗုံးထက်
ပိုမို ပြင်းထန်တဲ့ကောင်
ငါက စနက်တံဖြုတ်ထားတဲ့ကောင်
ငါက ဆာလောင်နေတဲ့ကောင်
ငါက ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ကောင်။

ငါဟာ စစ်သွေးကြွ မဟုတ်ဘူး
ငါဟာ အကြမ်းဖက်သမား မဟုတ်ဘူး
ငါဟာ ဘာသာရေး အစွန်းရောက် မဟုတ်ဘူး
ငါ နောင်ဘ၀ကို မယုံကြည်ပါဘူး။

တကယ်တော့
အိုဗာဖြစ်နေတဲ့ ဂိမ်းကို
ငါက တသသ လွမ်းနေမိတာ
ငါက မပြတ်သားမိတာ
ငါက အတိတ်မေ့ရောဂါ ရနေတာ
ငါက အခြေအနေအရ
ရူးချင်ယောင် ဆောင်ထားရတာ
ငါက လိုအပ်ချက်အရ
ခွေးသေကောင်ပုတ်ကြီးကို
အောင့်ပြီး နမ်းနေရတာ
ငါက မနက်ဖြန်အကြောင်း
မစဉ်းစားပဲ မေ့ချင်ယောင်ဆောင်ထားတာ။

ကောင်မလေးရေ…
ငါ့ ပရိသတ်က ကလပ်စ်စစ်တွေမကြိုက်လို့
ငါ ကလေးကြိုက်ပုံပြင်တွေ ပြောနေရတာပါ
ငါက လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်နေရတာ
ငါက မိုက်ရိုင်းစော်ကားချင်လို့ မဟုတ်ပါဘူး
အခြေအနေက ငါ့ကို တောင်းဆိုနေလို့ပါ
ငါ မိုက်သွေးတွေ ကြွနေတာ မဟုတ်ဘူး
လိုအပ်လို့ မိုက်ပြနေရတာ
ငါ့ နှလုံးသားက နူးညံ့ပါတယ်
ငါက အခြေအနေအရ ကြမ်းတမ်းနေရတာ
ငါက အချစ်ကြီးသူပါ
မချစ်မိအောင် နေ နေရတာ။

ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက ငါ့ သွေးတွေ ပွက်ပွက်ဆူနေတဲ့အထိ
ဆာလောင်နေတဲ့ကောင်
ငါက ငါ့အသားတွေ ပူချစ်နေတဲ့အထိ
ပဋ္ဋိပက္ခ ဖြစ်နေတဲ့ကောင်
ငါက နူကလီးယားဗုံးထက်
ပိုမို ပြင်းထန်တဲ့ ကောင်။

ငြိမ်းချမ်းအောင်

4 comments:

Winkabar said...

အခြေအနေအရ နုချင်ရက်နဲ့ မာနေရတယ်နော်။ ကဗျာလေးကောင်းတယ်အစ်ကို။

~P~ said...

အဲ.." ဟိုက်ဒရိုဂျင်ဗုံးထက်
ပိုမို ပြင်းထန်"တယ်တဲ. မလွယ်ဘူး..ကြောက်စရာပါလား..:D စတာပါ ကိုnca ရေ ကဗျာလေးက စာသားတွေမိုက်တယ် ပြင်းထန်တယ်..တက်ကြွတယ်။

ဆောင်းယွန်းလ said...

ကောင်မလေးရေ…
ငါ့ ပရိသတ်က ကလပ်စ်စစ်တွေမကြိုက်လို့
ငါ ကလေးကြိုက်ပုံပြင်တွေ ပြောနေရတာပါ
ကဗျာဆရာရေအခုတလောအပြင်းစားတွေချည့်ခြွေနေပါ
ရော့လား.......
ငြိမ်းချမ်းပါစေဗျာ..
အစဉ်အားပေးလျှက်

Kaung Kin Ko said...

ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက ငါ့ သွေးတွေ ပွက်ပွက်ဆူနေတဲ့ အထိ
ဆာလောင်နေတဲ့ကောင်
ငါက ငါ့အသားတွေ ပူချစ်နေတဲ့ အထိ
ပဋ္ဋိပက္ခ ဖြစ်နေတဲ့ကောင်
ငါက နူကလီးယားဗုံးထက်
ပိုမို ပြင်းထန်တဲ့ ကောင်။

အပြင်းစားတွေပါလား။ ကြိုက်တယ်ဗျို့ ။ :-)