28 December, 2007

သံမဏိ နတ်သမီး အိမ်ပြန်ချိန်

ဒီဇင်ဘာလမှာ မျက်ပင်တွေက
အစိမ်းရောင်တ၀က်၊ ညို့မိုင်းမိုင်းရောယှက်။

အိပ်တန်းအ၀င်စောတဲ့ ငှက်ကလေးတွေကတော့
ဘာမှသိခွင့်ရလိုက်မှာမဟုတ်ဘူး။
ဆောင်းညနေခင်းက
ရက်စက်မူပုဝါတစ်စကို လူပ်ခါကတယ်။

နှင်းပွင့်တွေဟာ ထူထပ်သိပ်သည်းစွာ
အဆုပ်လိုက် အပွင့်လိုက်
မြေပြင်မှာ လဲလျောင်းငြိမ်သက်
နှင်းတွေ ကျတာများလွန်းရင်လည်း
မျက်ပင်တွေကိုသေစေပြန်တယ်။

နှင်းတွေကြောင့် မျက်ပင်တွေရှင်သန်ခွင့်ရသလို
နှင်းတွေကြောင့်ပဲ မျက်ပင်တွေ သေဆုံးနေကြရ။
လူသတ်ဝါဒ ကျဆုံးပါစေ
ကမ္ဘာမြေမှာ သဘောကောင်းပြီး ဖွံ့ဖြိုးလှပတဲ့
မိန်းမပျိုများ၊ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ
ရှင်သန်ကြီးထွားကြပါစေ
ငါဟာ ဆုတောင်းရုံသာတတ်နိုင်ခဲ့သူ။

ရှင်လျှက်နဲ့သေနေတဲ့ ကမ္ဘာမြေဟာ
သေလျှက်နဲ့ရှင်နေတဲ့ သူတွေကြောင့်
အကျည်းတန်ခဲ့ရ။

လူပီသစွာ ရှင်သန်သူအားလုံး
နာကျည်းကြေကွဲ မျက်ရည်ဝဲကြရ
ညနေခင်းသတင်းတွေ ကြေငြာအပြီးမှာ
ကမ္ဘာမြေ သေဆုံးသွားခဲ့ပြီ။

သစ်အယ်ပင်တွေတောင် ၀မ်းနည်းပက်လက်ဖြစ်ကြ
လမ်းဘေးက မျက်ပင်လေးတွေကလည်း
သူမကို ဒူးကွေး ဦးညွှတ်
သူမကိုချစ်တဲ့ ပြည်သူတွေ
သူမကချစ်တဲ့ ပြည်သူတွေ
ငိုနေကြတယ်
နှင်းတွေကတော့ အညှိုးတကြီး ကျနေဆဲပဲ။

စစ်သွေးကြွတွေရဲ့ နှလုံးသားမှာ ပန်းမပွင့်ဘူး
စစ်သွေးကြွတွေရဲ့ ရင်ဘတ်ထဲမှာ ခံစားချက်မရှိဘူး
မျက်ရည်မရှိဘူး၊ လူလိုမရှင်သန်ဘူး
ခံစားတတ်တဲ့ နှလုံးသား မရှိရင်
စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးဏှောက်မရှိရင်
လူတစ်ယောက်ဟာ သားရဲတိရစ္ဆာန်တစ်ကောင်ပဲ။

အာဏာအတွက်လား
အစွန်းရောက်မှုသက်သက်လား
မူရှာရတ်လား၊ အယ်ကိုင်းဒါးလား၊ တာလီဘန်လား
တရားခံဘယ်သူလဲ
သံမဏိသူရဲကောင်းတစ်ယောက် ကျဆုံးခန်း
အမှန်တရားတွေ ဆွံ့အ
မှောင်မိုက်လွန်းပေစွ။

သူရဲကောင်းဟာ ဘယ်တော့မှမသေရဘူး
ရာဇ၀င်အစဉ်အဆက် ရှင်သန်ရမယ်
သံမဏိ သူရဲကောင်း ဘူတိုရေ..
ခင်ဗျားရဲ့အပြုံးဟာ ငြိမ်းချမ်းရေးသင်္ကေတပါ
ခင်ဗျားရဲ့ရဲရဲတောက်စကား အမှန်တရားရဲ့ဘက်တော်သားပေါ့
သွေးစွန်းတဲ့ ဒီဆောင်းတစ်ည
ထာဝရ တည်တံ့နေပါစေ
ပါကစ္စတန် ပြည်သူတွေနဲ့အတူ
ကမ္ဘာသူ ကမ္ဘာသားတွေနဲ့အတူ
နောင်လာ နောင်သားတွေ
အားလုံး သတိရနေကြမှာပါ။

ဟောဒီ ကမ္ဘာမြေမှာ
ငြိမ်းချမ်းရေးတွေ ရှင်သန်လာတဲ့အခါ
ပြန်ဆုံတွေ့ကြတာပေါ့
အစ္စလာမ်မာဘတ်မှာပဲဖြစ်ဖြစ် ပြန်ဆုံတွေ့ကြရအောင်ပါ
သူရဲကောင်းပီသစွာကျဆုံးခြင်း
ဝမ်းမနည်းကြပါနဲ့
အလေးပြုကြမယ်
ကျနော်တို့ အလေးပြုကြရအောင်ပါ
မျက်ပင်တွေ၊ နှင်းစက်တွေ၊ သစ်အယ်ပင်တွေ
ဘူတိုကို ချစ်မြတ်နိုးသူတွေ အားလုံးနဲ့အတူ
ကဲ… အလေးပြုကြပါစို့
ရောက်ရာအရပ်ဒေသမှာ ငြိမ်းချမ်းပါစေ
ချစ်စွာသော ဘူတို။ ။

27 ရက်နေ့ည (9:20) နာရီအချိန်တွင် ဘန်ကောက်တွင်အခြေစိုက်သော The Nation သတင်းစာမှ ကျနော့် ဆဲလ်ဖုန်းသို့ message တစ်ခုဝင်လာသည်။ ဘူတို လုပ်ကြံခံလိုက်ရပြီ၊ သေသွားပြီတဲ့။ ကျနော် အံ့သြခြင်း ကြီးစွာဖြင့် နေရာမှာပင် မင်သက်သွားမိပါတယ်။ ကျနော့်ဆွေမျိုးတစ်ယောက်၊ ကျနော့် ခေါင်းဆောင်တစ် ယောက်၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ယောက်၊ ကျနော် ချစ်မြတ်နိုးရသူ တစ်ယောက် ရဲ့ နာရေး သတင်းကို ကြားလိုက်ရ သလို ကျနော် ၀မ်းနည်း ပူဆွေးခဲ့မိပါတယ်။ ကမ္ဘာမှာ မူဆလင်ဘာသာဝင်များ ဒုတိယအများဆုံး နေထိုင်ရာ ပါကစ္စတန် နိုင်ငံမှာ ၀န်ကြီးချုပ်အဖြစ် နှစ်ကြိမ်လုပ်ခဲ့ဖူးတဲ့ Benazir Bhutto ဟာ Rawalpindi မြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ အသေခံ ဗုံးခွဲသမားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် မူကြောင့် လည်ချောင်း၊ ဦးခေါင်း တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး၊ ၂၇ ရက်နေ့ ညနေ (6) နာရီခန့်တွင် ကျဆုံးသွားခဲ့ ရခြင်းပါ။ သူမကျဆုံးမူဟာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူကမ္ဘာသားများ အတွက် လွန်စွာကြီးမားသော ဆုံးရူံးမူကြီး ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် ၀ါဒရဲ့ ရွံရှာစက်ဆုပ်ဖွယ် ဇာတ်လမ်း တစ်ပုဒ်လည်း ဖြစ်တယ်။

ငြိမ်းချမ်းအောင်
၂၈ ဒီဇင်ဘာ ၂၀၀၇

4 comments:

ကောင်းကင်ကို said...

ကဗျာလေးကို ဝမ်းနည်းမှုတွေနဲ့ ဖတ်သွားပါတယ်။

Winkabar said...

ညတုန်းကတောင်သူ့ကိုအိပ်မက်မက်နေသေးတယ်။

အစ်ကိုနဲ့အတူဆုတောင်းလိုက်ပါတယ်။ ရောက်ရာအရပ်မှာငြိမ်းချမ်းပါစေလို့။

Saung Yune La (aka) Way said...

အိပ်တန်းအ၀င်စောတဲ့ ငှက်ကလေးတွေကတော့
ဘာမှသိခွင့်ရလိုက်မှာ မဟုတ်ဘူး။
ဆောင်းညနေခင်းက
ရက်စက်မူ ပုဝါတစ်စကို လူပ်ခါ ကတယ်။
ခံစားချက်အပြည့်အဝပါတဲ့ကဗျာလေးပါဘဲလား။
အပေါ်ကအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ

ဂျေဂျေ said...

သံမဏိနတ်သမီးဆိုပါလား။ ဘာသာပြန်ရရင် steel Angel လား။ ဒါမှမဟုတ် stainless Steel Angel လား။ နဲနဲ ရှင်းပြပေးပါလား :-)