26 February, 2008

သို့ ... ချစ်သော တိုရှီဘာ

အို… ဆာမူရိုင်း သွေးနဲ့ မွေးဖွားလာတဲ့ တိုရှီဘာ
မင်းအသည်းနှလုံးကို ထွင်းဖောက်မဲ့
အဆိပ်လူးမြား အစင်းစင်း
မင်းအသားကို ပါးပါးလှီးမဲ့
မိုးကြိုးသွား ဓါးအစင်းစင်း
မင်းရင်ဝတည့်တည့် ပစ်ခွင်းလာတဲ့
ကျည်ဆန် ဗုံးဆန် နောက်ဆုံးပေါ်လက်နက်ဆန်းတွေကို
ဆာမူရိုင်းသွေးမို့ အံကြိတ်ခံနိုင်ပေတော့တာ။

ရန်သူတွေရဲ့ ခြောင်းမြောင်းလုပ်ကြံမှုကို
သုံးကြိမ်တိုင် အငိုက်မိခံခဲ့ရတဲ့ တိုရှီဘာရေ
ငါ့ရဲ့ ပေါ့ဆမှုကြောင့် မင်းရင်ဝမှာ အဆိပ်သင့်ပြီလား
မင်းနှလုံးသားတွေ သွေးခုန်နူန်းမှန်သေးရဲ့လား
မင်းဦးနှောက်ကော အလုပ်လုပ်နိုင်အုံးမှာလား
မင်းရဲ့ ၀မ်းတွင်းကလီဆာတွေရော ပုံမှန်လည်ပတ်နိုင်ရဲ့လား
မင်းခန္ဓာကိုယ်က သွေးစိမ်းရှင်ရှင်ပန်းထွက်နေပြီလား
အို.. တိုရှီဘာ...
လက်ထပ်ပေါင်းသင်းခါစ ဇနီးမောင်နှံတွေလို
သုံးနှစ်တာကာလအတွင်း မင်းနဲ့ငါ အနေနီးခဲ့ကြတယ်
တနေ့ကို ဆယ်နာရီလောက် ငါတို့ မခွဲခဲ့ကြဘူး
မင်းဟာ ငါ့ဘ၀ထဲ အနက်ရိုင်းဆုံး ချဉ်းနင်းဝင်ရောက်
ငါ့ တနေ့တာအလုပ်တွေရဲ့ ၈၅ ရာခိုင်နူန်းကို မင်းကပဲ ပြီးမြောက်စေတယ်
မင်းဟာ ငါ့ရဲ့ ဒုတိယ ဦးနှောက်
မင်းဟာ ငါ့ရဲ့ ဒေတာတွေအားလုံး သိမ်းဆည်းသိုမှီးရာ
မင်းဟာ ငါ့အတွက် အရင်းနှီးဆုံးမိတ်ဆွေ
မင်းဟာ ငါ့အချစ်ဆုံး ငယ်ပေါင်း
မင်းဟာ ငါ့သစ္စာခံ သွေးသောက်ရဲဘော်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ချစ်သူတစ်ယောက်လည်းဖြစ်ပေရဲ့
ငါပျင်းတဲ့ အခါ မင်းက ရုပ်ရှင်သဘင်ဂီတနဲ့ ဖျော်ဖြေတယ်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ဆရာ
ငါ့ကို ကမ္ဘာကြီးအကြောင်း နေ့စဉ်ပြောပြသူ
အတတ်ပညာ၊ အသိပညာတွေလည်း ငါ့ကို သင်ပေးရဲ့
တစ်ခါ တစ်ခါ မင်းဟာ ငါ့ရဲ့နောက်လိုက်ကောင်းပေါ့
ငါ ဖွင့်မှ မင်းပွင့်တယ်
ငါ ခိုင်းတာ မင်းလုပ်တယ်
ငါ့ကို ကလန်ကဆန်မလုပ်ခဲ့ဘူး
မင်းမရှိရင် ငါ့ဦးနှောက် တစ်ခြမ်းပျက်ရချည်ရဲ့ တိုရှီဘာရေ…
ဂျပန်မှာ မွေးတဲ့ မင်းဟာ
ဂျပန်မလှလှကလေး တစ်ယောက်ထက်
ငါ့အတွက် အဓိပ္ပါယ်ပိုရှိပါတယ်
မင်းတို့ အရပ်က ဖူဂျီတောင်ကြီးကို ငါ မတပ်မက်ပါဘူး
ချယ်ရီတွေပွင့်ဖူးတဲ့ (နာမည်ကျော်) နွေဦးရာသီကို ငါ မလိုချင်ပါဘူး
ငါ့ အတွက် လိုအပ်တာ မင်းပဲ တိုရှီဘာ
ငါ မင်းကို မစွန့်ပစ်ပါရစေနဲ့ဦး
မင်းဦးနှောက်ထဲက မှတ်တမ်းမှတ်ရာတွေ ငါ့အတွက်ထားခဲ့ဦး
ပြီးရင် ငါ မင်းကို ချန်ခဲ့ရလိမ့်မယ် ချစ်သောတိုရှီဘာ
ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးတိုင်း
အလောင်းဖက်ပြီး ငိုကြွေးနေတဲ့ အစဉ်အလာ
ငါတို့ ရာဇ၀င်မှာ မရှိစေရ
တက်ကျိုးရင် တက်အသစ်လုပ်မယ်
တိုရှီဗာနဲ့ မရရင် ဆိုနီ နဲ့ ခရီးဆက်မယ်
နော့… နဲ့ မရရင် ပလပ် လိပ်တက်စ်ဘားရှင်းနဲ့ ခံကတုတ်စည်းရိုးကို ပြန်ပြင်ရမယ်
ခံစစ်ကို ခိုင်ခိုင်မြဲမြဲတည်ဆောက်မယ်
ထိုးစစ်ကို အပြင်းအထန်ပြန်ဆင်နွှဲရမယ်
ဝိုင်ယာလက်သွေးကြောတွေထဲက ပရိယာယ်နဲ့ ၀င်ရောက်လာတဲ့ ရန်သူကို
မြို့ပြထိုးဖောက်စစ်ဆင်ရေးနဲ့ ပြန်ခြေမှုန်းရမယ်
ရန်သူတွေ ကျဆုံးရမယ်။
အို.. ချစ်သောတိုရှီဘာ…
လမ်းတစ်ဝက်မှာ ချန်ထားရစ်ခဲ့ရတာ မခင်တွယ်လို့ မဟုတ်ရပါ
ဆာမူရိုင်းသွေးမို့ မင်း ငါ့ကို နားလည်ခွင့်လွှတ်နိုင်မှာပါ
ချစ်သောတိုရှိဘာ။...။

ငြိမ်းချမ်းအောင်

ကွန်းမန့်များတွင် ထားရစ်ခဲ့သော ဗိုင်းရပ်စ် များကို ကျနော့်စက်ထဲရှိ အန်တီဗိုင်းရပ်စ် ပရိုဂရမ်မှ ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါသည်။ လုံးဝအနိုင်ရခဲ့သည်တော့မဟုတ်ပါ။ ရန်သူ့ကျည်ဆန်သည် အပေါ်ယံရှပ်ထိသွား ခဲ့ပါသည်။ ကျနော်နှင့်မသက်ဆိုင်သော အီးမေးလ်များ၊ အုပ်စုအီးမေးလ်များ မှတဆင့်ဝင်လာသော မေးလ်များကို ကျနော် ဖွင့်မကြည့်တတ်ပါ၊ သို့သော် သတိထားနေသည့် ကြားမှ မိတ်ဆွေတစ်ယောက်နာမည်နှင့် ပို့လာသော အီးမေးလ် (၄င်း၏ ကလေး ဓါတ်ပုံများဖြစ်ပါသည်၊ ဖွင့်ကြည့်ပါဟု ဆိုလာသော အီးမေးလ်) ကိုဖွင့်မိခဲ့ရာ ကျနော့် တိုရှီဘာ ကွန်ပြူတာကလေး ဗိုင်းစ်ရပ်ထိသွားခဲ့ပါသည်။ ချက်ကောင်းကို ထိသွားပုံရသည်။ ဒဏ်ရာ တော်တော်ပြင်းသည်။ စ၀ယ်စဉ်ကတည်းက ဒီတစ်ကြိမ်ပါဆိုလျှင် သုံးကြိမ်မြောက် ခြောင်းမြောင်း လုပ်ကြံခံရခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ ဆေးရုံတွင် တစ်လကျော်ကျော် အတွင်းလူနာအဖြစ် တက်ရောက်ကုသ ခဲ့ရသော တိုရှီဘာကလေး ယခုတစ်ကြိမ် အငိုက်အမိတိုက်ခိုက် ခံလိုက်ရသောအခါ ပြန်လည် နလန်ထူလာရန် သိပ်မလွယ် ကူတော့ပါ။

8 comments:

Kaung Kin Ko said...

ကဗျာလေး အရမ်းကောင်းတယ် အစ်ကို။ ဆာမူရိုင်းသွေး နဲ့ နှိုင်းပြီးရေးထားတာ အရမ်းကောင်းတယ်။

Winkabar said...

အစ်ကို တီရှီဗာအသက်သွင်းထားတာ ကောင်းလိုက်တာ။ အစ်ကို့ရဲ့ တီရှီဗာ အမြန်ဆုံးပြန်ကောင်းနိုင်ပါစေ လို့ဆုတောင်းပေးပါတယ်နော်။

စိုးထက် - Soe Htet ! said...

ကောင်းတယ် ကျွန်တော်က ချစ်သော အိတ်ခ်ျပီ လို့ ပြောရမယ်ထင်တယ် ... :P

တစ်ခါမှ အထိမနာ ဖူးသေးဘူး ... Kspersky နဲ့ AVG နှစ်ခုတင်ထားတယ် ... စက်တော့ နည်းနည်း လေးတာပေါ့ :)

Saing Khan Tun said...

ကျွန်တော့် Blog Logo လေး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတယ် ... ဘာကြောင့်လဲဗျာ ...

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com

Pinkgold said...

အို ချစ်သော အေဆာ.....

ကောင်းတယ် အကို
ဆက်လုပ်

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်ဗျ..ဗိုင်းရပ်စ်နဲ့အတိုက်ခံရတာတော့မကောင်းဘူးဗျ.
အဆင်ပြေနိုင်ပါစေဗျာ

စိုးထက် - Soe Htet ! said...

:D

စိုးထက် - Soe Htet ! said...

:D