09 March, 2008

ကချေသည် (၂)

ညကပဲ
ကြွရွလွန်းတာလား
လကပဲ
ရင်ခုန်ယစ်မူးစေသလား
မင်းကပဲ
လှပလွန်းလေသလား
မြင်သူတကာကို ရင်ဘ၀င်လှိုက်ဆူ
သည်းအူညွတ်ပြောင်း ဖမ်းစားနိုင်စွမ်းတဲ့
အို.. မင်းသမီးရယ်
ဂီတစာဆို ကိုသက်ဦးရဲ့ ဒေ၀စ္ဆရာ သီချင်းထဲကလို
“ ပြစ်မျိုးမှဲ့မထင် နတ်သွင်မူယာ ”
မင်းဟာ
ကောင်းကင်ဘုံခုနစ်ဆင့်က
ဘုံကြိုးပြတ်လာတဲ့
နတ်ဒေ၀ီ တစ်ပါးလေလား
ဆိုင်းချက်နဲ့ အညီ
ခန္ဒာကိုယ် လှုပ်လီလဲ့
ခေါင်းခါးခြေလက် စည်းချက်နဲ့အညီ
ကန့်လန့်ကာကြီး ကျမလာခင်
ငွေလမင်းနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့
မင်းမျက်နှာလေးကို ကိုယ်ဟာ အားပါးတရ ငေးကြည့်
စွဲမက်ဖွယ် မင်းခန္ဒာကိုယ်အလှမှာ ရင်ခုန်တွယ်ငြိ
ကန့်လန့်ကာကြီး ပိတ်ဖုံးသွားတဲ့အခါ
ငါ့ အပါးကနေ မင်း အပြီးတိုင် ပျောက်ဆုံးသွားတော့မှာ
ဟောဟို အရှေ့ဖက်ကောင်းကင်မှာ
ရောင်နီပျို့လို့ မိုးလင်းလာတဲ့အခါ
မင်းက ထွက်ခွာသွားတော့မှာ
ငါ့ရင်မှာ ဆွတ်ကြင် လွမ်းစိတ်ဝင်မိပါရဲ့
ကချေသည် ဒေ၀ီ မင်းသမီးလေးရေ....။

ကိုယ်ဟာ မင်းအပါးမှာ နေခွင့်မရှိသူပါ
ကိုယ်ဟာ ဇာတ်ဆရာမဟုတ်သလို
ဂီတစာဆို လည်းမဟုတ်ပါ
ကိုယ်ဟာ အပြောကောင်းတဲ့ မင်းသားကြီး ဦးဖိုးစိန်မဟုတ်သလို
ရွှေမန်းတင်မောင်လိုလဲ အဆိုကောင်းသူ မဟုတ်ပါ
ခြေထိုးကောင်းတဲ့ ဦးအောင်မောင်းကြီးလိုလည်း မင်းကျအောင် ကမပြတတ်ပါ မင်းသမီးလေးရေ
ကိုယ်ဟာ မင်းရဲ့ ပရိသတ်များစွာထဲက တစ်ယောက်သာမို့
အချိန်တန်တဲ့အခါ တို့တွေ ခွဲကြရပြန်အုံးတော့မှာ
ဆက်ပြီးကပါ မင်းသမီးရယ်
မိုးမလင်းခင် အချိန်လေးမှာ ကြိုးစားပြီးကလိုက်ပါအုံး
မင်းရဲ့ ကောင်းခြင်းငါးဖြာ အလှမှာ
ဒီတစ်ညဖြစ်ဖြစ်၊ ခဏဖြစ်ဖြစ်
ကိုယ်ကျဆုံးပါရစေ
စိန်ရောင်ပျိုးပြက် ၀င်းလက်တဲ့
မျက်နက်ဝန်းတွေ ဒေါင့်ကပ်လို့ ကိုယ့်ကိုကြည့်ပါ
သောက်ရှူးကြယ်အလား ရွှန်းရွှန်းစားစား မင့်အပြုံးတွေနဲ့
ကြီးတောင့်ကြီးမား ဒီကောင့်နှလုံးသားကို ညှို့ယူဖမ်းစားပါ
ဟောလိဝုဒ်က မိန်းမချောတွေကို ကိုယ်မတပ်မက်ပါဘူး
ခန္ဒာကိုယ်ဖွံ့ထွားတဲ့ ဘောလိဝုဒ် မင်းသမီးတွေကို ကိုယ်မလိုချင်ပါဘူး
အာရှပဂေး ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှမှာလည်း ကိုယ်မကျရှုံးချင်ဘူး
ကိုယ့်နှလုံးသားက မင်းကိုပဲ လိုအပ်မိလို့
ကိုယ့်ညခင်းတွေမှာ မင်းရှိမှ ပြည့်စုံမှာမို့
ကိုယ်ဟာ မင်းအနုပညာကို တန်ဖိုးထားမိသူမို့
မင့်အပြုံးမှာ ကိုယ်ဟာ ရင်ခုန်မိလို့
ကိုယ့်အတွက်
မင်းရဲ့ ပရိတ်သတ်ကြီးအတွက်
ဆက်ပြီးကလိုက်ပါအုံး
လရောင်နဲ့ အတူ
ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ အတူ
မင်းပျောက်ဆုံးသွားတဲ့အခါ
ကိုယ့်အမြင်အာရုံကနေ မင်းထွက်ခွာသွားတဲ့အခါ
ကိုယ့်ကို မင်းထားရစ်ခဲ့တဲ့အခါ
နေ့အချိန် အလင်းရောင်ထဲမှာလည်း မင်းအရိပ်ကို ဆက်လက်ရှာဖွေနေမိအုံးမှာ
ကိုယ်ဟာ မင်းကို ချစ်ခဲ့မိလို့ပါ မောင့်ကချေသည် ဒေ၀ီ မင်းသမီးလေးရေ.....။

ငြိမ်းချမ်းအောင်

5 comments:

စိုးထက် - Soe Htet ! said...

""ဟောလိဝုဒ်က မိန်းမချောတွေကို ကိုယ်မတပ်မက်ပါဘူး
ခန္ဒာကိုယ်ဖွံ့ထွားတဲ့ ဘောလိဝုဒ် မင်းသမီးတွေကို ကိုယ်မလိုချင်ပါဘူး
အာရှပဂေး ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှမှာလည်း ကိုယ်မကျရှုံးချင်ဘူး ""'

မိုက်တယ် .. အတိအကျပဲ :)

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေး အစ်ကို။ စာကြောင်း တိုင်း စာကြောင်းတိုင်း ကအဓိပ္ပာယ်အပြည့်ပဲ။

~P~ said...

ရေရေလည်လည်မိုက်တဲ.စာသားတွေပါလားအကိုရေ..။

~P~ said...
This comment has been removed by the author.
~J-Quen ~ said...

အဟမ်း ဟမ်း...ဘယ်သူ့ကို ညွန်းထားလဲ မသိ။ :P နောက်တာပါ..ကဗျာက မိုက်တယ်