13 May, 2009

မိုးများတဲ့ နွေဦးရာသီ၊ မေ ၁၂ နေ့လည်ခင်းနှင့် သင်းပျံ့နေဆဲ ပန်းနုရောင်ဇီဇ၀ါ

ကျနော်မပျော်ရွှင်မှန်းသိလို့
ဒီနွေဦးမှာပွင့်တဲ့ ပန်းကလေးတွေတောင် ညှိုးငယ်နေကြတယ်
အရွက်စိမ်းစိမ်း သစ်ပင်တွေပေါ်မိုးရွာချလိုက်တာ
သစ်ရွက်တွေပေါ်မှာ မိုးရေစက်ကလေးတွေ တွဲလွဲခိုနေတာ
မိုးရွာပြီးစ နေရောင်ခြည်ဟာ တလက်လက်တောက်ပနေတာ
ကျနော့်ကို ဘာခံစားချက်မှ မပေးနိုင်ခဲ့ဘူး

ဖိနပ်စီးပြီး ကျနော် လမ်းလျှောက်ထွက်ခဲ့တယ်
ငယ်ငယ်ကလို လမ်းဘေးမှာ တွေ့တဲ့ အုတ်နီခဲကိုကောက်ပြီး
နီးရာ ဓါတ်တိုင်ကို ပစ်ပေါက်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်
မော်တော်ကားတွေက ကျနော့်ကို ဖြတ်ကျော်တက်သွားတယ် 

ကျနော်က သစ်ပင်တွေနဲ့ အဆောက်အဦးတွေကို ဖြတ်ကျော်ခဲ့တယ်
သူငယ်ချင်းတွေနဲ့ မတွေ့တာ ရှစ်လကျော်ပြီ
ဒီနေ့ဆို ကျနော်အရက်မသောက်ဖြစ်တာ လေးလပြည့်ပြီ
ကမ္ဘာပေါ်မှာ ရှိသမျှ အလှမွေးငါးကန်တွေကို ရိုက်ခွဲပြီး
ကန်ထဲက ငါးကလေးတွေကို လွတ်လပ်ခွင့်ပေးချင်တယ်
အလှမွေးငါးမွေးပြီး ယဉ်ကျေးချင်သူတွေကို ခဏလောက်ဖြစ်ဖြစ်
ငါးကန်ထဲ ထည့်ပြီး အလှပြထားရမယ်
လတ်လတ်ဆတ်ဆတ် မရှိတဲ့ ညနေခင်းမှာ
ညှဉ်းသိုးသိုးဖြစ်နေတဲ့ ကျနော့်စိတ်ကူးက
လွန်ခဲ့တဲ့ အတိတ်ကာလကိုရောက်သွားတယ် 

စိတ်ကူးမှာ ဇီဇ၀ါ ပန်းခြောက်ကလေးကို 
စိတ်ရှိလက်ရှိ ပွေ့ယူ နမ်းရိုက်လိုက်မိတယ်
လေပြည်မှာ ပန်းရနံ့တွေ သင်းပျံ့နေတုံးပါပဲ
အချစ်ဆိုတာ အရွယ်သုံးပါးကို ဖြတ်သန်းပြီး
အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်နေခဲ့တယ်
ကျနော့်စိတ်ကူးက ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာတယ်
စိတ်ကူးမှာ ပန်းအိုးထဲ ပန်းအသစ်လဲတယ်
စိတ်ကူးမှာ အတွေးသစ်အမြင်သစ်တွေနဲ့
ကျနော့် ၀ရံတာကို အလှဆင်တယ်
စိတ်ကူးမှာ အိမ်ထောင်ကျတယ်
စိတ်ကူးမှာ မချစ်မနှစ်သက်တဲ့ အိမ်ထောင်နဲ့ ကွဲတယ်
ကျနော်က စိတ်ကူးမှာတောင်
မချစ်သော်လည်း အောင့်ကာနမ်းဖို့ခက်ပေမဲ့
ကျနော်ထားရစ်ခဲ့တဲ့ မှတ်တိုင်လေးကတော့
ဆေးအသစ်သုတ်လို့ အဓိပ္ပါယ်အသစ်တွေရေးခြစ်လို့
ကျနော်ဖြတ်ကျော်ခဲ့တဲ့ ဘူတာရုံလေးကလည်း
အသစ်ဆိုက်ကပ်လာတဲ့ ယာဉ်ရထားတွေနဲ့ ပျော်မွေ့လို့

ကျနော်က ရွာမတွေ့မချင်း
လမ်းဆက်လျှောက်နေရဆဲပါပဲ……။

ငြိမ်းချမ်းအောင်

3 comments:

xxx said...

မေ-၁၂ ရက် ... မှာ ကျရောက်တဲ့
မွေးနေ့မှစ ... နှစ်များစွာတိုင်
ပျော်ရွှင်ငြိမ်းချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ ...

xxx said...

နွေဦးရာသီ မေ-၁၂ မှသည် ...
***
မလန်းဆန်းတဲ့ ပန်းကလေးတွေက
ဝမ်းနည်းနေတာ မဟုတ်ကြပါဘူး။
သဘာဝတရားကို
ထာဝရဘုရားတောင် မလွန်ဆန်နိုင်တာမို့
တပွင့်ကြွေ တပွင့်သစ်
ပန်းကလေးတွေရဲ့ အဖြစ်ကို
နှစ်သက်စွာမြတ်နိုး
တန်ဖိုးထားပြီး ကျေနပ်လိုက်ပါလေ … ။

မိုးစက်စိုစို … ရှဥ့်ညိုညိုတွေ …
နေရောင်လက်လက် … မြမြက်ခင်းတွေ …
သစ်ပင်စိမ်းလန်း … တောအုပ်တန်းတွေ …
ကြည်ပြာကောင်းကင် … ရေပြင်ကျယ်တွေ …
ဒါတွေအားလုံးဟာ …
သဘာဝတရားရဲ့ ဖျော်ဖြေရေးလို့ သဘောထား
သာယာခြင်းတွေ အပြည့်အ၀ ခံစားလိုက်ပါလေ … ။

လည်ပတ်နေတဲ့ သံသရာခရီးမှာ
ထားခဲ့သူတွေ … သွားမယ့်သူတွေ …
နားတဲ့သူတွေ … ဟားတဲ့သူတွေ …
ထိုထိုသူတွေ အတွက်
သက်ပြင်းတွေချ ဒေါသတွေ မပွါးဘဲ
နားလည်မှုကိုပေး … စိတ်ကိုဖြေတွေးပါ …
ကိုယ့်ကံကြမ္မာဆိုတာ ကိုယ့်ပြုခဲ့တဲ့အမှု
ကောင်းမှု မကောင်းမှု အစုစုက
ကိုယ်နဲ့သာဆိုင် ကိုယ်သာပိုင်တယ် မဟုတ်လား။

အတိတ်တွေကို နေတော့ … ဆိုပြီး
စိတ်တွေကို ဖြေလျော့လိုက်ပါ …
ဖြတ်သန်းခဲ့တဲ့ လမ်းများစွာတွေ …
နမ်းခဲ့ဖူးတဲ့ ပန်းနုရောင်ဇီဇ၀ါတွေ …
ထားရစ်ခဲ့တဲ့ မှတ်တိုင်းဟောင်းတွေဟာ
ဘာတွေပဲ ဖြစ်ခဲ့ပါစေ
တသသ လွမ်း … ပြန်တမ်းတမနေဘဲ
ရှေ့ဆက်ရမယ့် မှတ်တိုင်ပေါင်းများစွာအတွက်
အသက်ကို ၀၀ရှူ
အပူတွေ အားလုံးဖျောက်
ရောက်နေတဲ့ ဒီနေရာက
စရမယ့် ခြေတလှမ်း ...
လမ်းဆုံးအောင် ဆက်လျှောက်နိုင်ရေး
အားသစ်တွေ မွေးလိုက်ပါလေ ... ။
***
ကိုထွတ် ... မွေးနေ့အတွက် အမှတ်တရ ...

ပျော်ရွှင်ပါစေ ...
xxx

မိုးမြင့်အောင် said...

အရက်မသောက်တာ ၄လကျော်ပြီဆိုတာတော့အားမပေးဘူးဗျာ