26 November, 2010

"သူမဟာ မြန်မာပြည် ဖြစ်တယ်"

စာဖတ်သူ said...

ကဗျာဆရာကတော့ အချစ်ကဗျာရေးတာပါပဲ။ စာဖတ်သူကတော့ ဒီကဗျာကို ဖတ်ပြီး ကိုယ်လေးစားတဲ့ အမျိုးသမီးကို အစားထိုးထည့်ကြည့် မိတယ်။ ပြီးတော့ ခုလို ပြန်ရေးကြည့်မိတယ်။ မူရင်း ကဗျာရဲ့အနှစ်သာရ ပျက်ပြယ်သွားခဲ့ရင် ဆောရီးပါပဲ။
++++++++++++++++++++++++++++
"သူမဟာ မြန်မာပြည် ဖြစ်တယ်"

ပြည်တွင်းယက်ထည် ချည်လုံချည်သာ ၀င်ဆင်ပါသော ...
ပြည်သူများအရေး အလေးပေးကာ တနေ့ငါးနာရီ သတင်းနားထောင်သော ...
နက်မှောင်နွယ်ဖြာ ဆံကေသာမှာ မာလာပန်းခက် ဆင်မြန်းတတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တခါတွေ့က တသက်မမေ့စရာ မစွမ်းသာသော ...
မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း တင့်တယ်ဆန်းသော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တိမ်မျှင်ကင်းပ လှပပြာလွင် မိုးကောင်းကင်ထက် ကြည်လင်လတ်သော ...
ပြည့်ရွှန်းတောက်ပ လပြည့်ညထက် ချမ်းမြေ့အေးမြ သာယာလှသော …
ကတ္တီပါနက်ပြာ မိုးဝဠာမှ ကြယ်တာရာထက် ပိုလင်းလက်သော ...
နေမင်းသူရိန် ရောင်ဝါရှိန်ထက် လင်းထိန်တောက်ပ နွေးထွေးလှသော ...
ဖိုးအနဂ္ဂ ထိုက်တန်လှစွာ ရတနာထက် ပိုမြင့်မြတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

ရနံ့စုံစွာ ပန်းမာလာထက် လွန်စွာမွှေးကြိုင် သင်းပျံ့လှိုင်သော …
ခက်ထန်သူအား နူးညံ့သွားအောင် စွမ်းဆောင်နိုင်သော …
ဣတ္ထိများစွာ လူတကာထက် သာလွန်မြတ်သော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

သေအံ့မူးစွာ လူမမာကို ညင်သာနှစ်သိမ့် ပေးစွမ်းစိမ့်သော ...
ဂီတသံစဉ် တေးဝိညာဉ်ထက် သာယာမြည်ချို နှုတ်ခွန်းဆိုသော ...
ထက်မြက်တောက်ရွှန်း ကြည်မျက်ဝန်းမှာ အားမာန်ပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီး ဖြစ်တယ်။

စမ်းရေသံလို မြည်သံချို၍ မေတ္တာပြည့်သော ...
ဂုဏ်ကျက်သရေ ကိုယ်နေလန်းဆန်း ရွှေရောင်လွှမ်းသော ...
ထက်မြက်စကား ခွန်အားများစွာ ပေးစွမ်းပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

အသက် ခြောက်ဆယ့်ငါး
ထိုမိန်းမသားရဲ့
အင်အားမဟာ
မြန်မာအပြင်
ကမ္ဘာပင် လွှမ်းခဲ့ ...

အိုနေသော်လဲ
ပျိုဆဲမိခင် … အိုမိခင်ငဲ့
ခြေရာခွက်ထဲ
ရေနည်းသော်ငြား
ပင်လယ်မှားမှတ်
ကူးခတ်နေသူ
ထိုလူစုအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

ပါးရေနားရေ
တွန့်ကြေသော်ငြား
ခွန်အားရှိဆဲ ပျိုဆဲမိခင်
အို မိခင်ငဲ့ …
ကောင်းကင်ယံထက်
လင်းလက်သော်တာ
ငွေစန္ဒာအား
ရငြားပါစေ ထိုးဟောင်နေသော
တောခွေးနှင့်တူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

နိုင်ငံ့အရေး
တိုင်းရေးဟုသာ
ဆိုနေပါလည်း
မိမိအရေး ကိုယ်ရေးသာကြည့်
အတ္တပြည့်သူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

အလင်းကိုရှောင်
အမှောင်ထဲတိုး
အဆိုးဘက်သာ ဦးတည်ပါသော
ဒီလောကသား
လူအများတွက်
လင်းလက်ရောင်ရွှန်း
ထွန်းညှိပေးပါ
ညှိပေးပါလော့ ... ။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေရင်း
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။
++++++++++++++++++++++++++
p.s
မကြိုက်ရင် ဖျက်လိုက်နိုင်ပါတယ်။ ကဗျာဆရာရေးတဲ့ စာပိုဒ် တပိုဒ်ချင်းနဲ့ လိုက်ဖက်အောင် ကြိုးစားရေးကြည့်ထားတာပါ။ (စာပိုဒ် အားလုံးတော့မဟုတ်ပါဘူး။)

2 comments:

Nyein Chan Aung said...

ဆရာသို့မဟုတ်ဆရာမခင်ဗျာ..
ကွန်းမန့်မှာ ရေးသွားတာကို ကျွန်တော် ပြန်တင်လိုက်ပါတယ်။ ကျွန်တော့ကဗျာက နိုင်ငံရေးမပါ ပါဘူး။ ဆရာဆရာမရဲ့ ကဗျာကတော့ နိုင်ငံရေးပါ တယ်။ မည်သို့ဆိုစေ ကဗျာတစ်ပုဒ် လာရောက်ချီးမြင့်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ငြိမ်းချမ်းအောင်

Anonymous said...

ကွန်မန့်ကို ပြန်တင်ပေးတာ ကျေးဇူးပါ...
ကဗျာဆရာရဲ့ အမေရိကတိုက် ကဗျာကိုဖတ်ရင်း ကိုယ်လေးစားတဲ့ မြန်မာပြည်သူ တယောက်ကိုပဲ မျက်စိထဲမြင်နေတော့ စာပိုဒ်တခုချင်းကို အစားထိုး ပြန်ရေးမိလိုက်တာ။
ဟုတ်တယ် ... အချစ်ကဗျာကို ခံစားရင်း နိုင်ငံရေးကဗျာတပုဒ် ဖြစ်သွားတာ ဆိုပါတော့။
မည်သို့ဆိုစေ ကဗျာကို ပို့စ်အနေနဲ့ တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

စာဖတ်သူ