05 January, 2008

အချစ်

ဟောဒီ ဟန်ဆောင်တတ်တဲ့
မိုးကောင်းကင်ကြီးအောက်မှာ
ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းနဲ့
ဘ၀ကို ရိုးရှင်းစွာ ပြန်စချင်မိတယ် ။

လူတစ်ယောက်က
အခြားလူတစ်ယောက်ကိုလိုအပ်တာ
အချစ်လို့ သတ်မှတ်ရင်
သူမကို လိုအပ်မိတဲ့ ကျနော့်ရင်ဘတ်ထဲမှာ
အချစ်ဆိုတာရှိတယ်။

အဲဒီ သူမဟာ
ကျနော် အမြဲတမ်းတနေချင်တဲ့ ကောင်းကင်ပြာ
ကျနော် ငယ်ငယ်ကမက်ခဲ့ ရတဲ့ အိပ်မက်
ကျနော့် အမှောင်ညတွေကို အဆုံးသတ်မဲ့ လမင်းငယ်
ကျနော့် အထီးကျန်ပြတင်းတံခါးတွေကို တွန်းဖွင့်ပစ်လိုက်မဲ့
ကယ်တင်ရှင် လေနီရိုင်း… အဖြစ်
ကျနော်က သတ်မှတ်ထားပါတယ်။

အများကြီး မျှော်လင့်မထားပါဘူး
မေတ္တာဓါတ်တွေနဲ့ ပြည့်လျှမ်းနေတဲ့
ရင်ခွင်တစ်စုံရယ်..
ကမ္ဘာလောကကို ချစ်တတ်တဲ့
ဆင်ခြင်တုံတရားရယ်..
ပန်းပင်လေးတွေကို
ရေလောင်းပေါင်းသင်တတ်တဲ့
ကြီးမြတ်မှုရယ်..
ပြီးတော့ လှပတဲ့ မျက်လုံးတွေနဲ့
စွဲမက်ဖွယ်
နူတ်ခမ်းတစ်စုံရယ်ပေါ့ ..။

ဟောဒီကမ္ဘာမှာ
ချစ်ခြင်းသာမရှိရင်
မျိုးဆက်ပြန့်ပွားမှုကောရှိနိုင်မှာလား
ချစ်ခြင်းမပါတဲ့
မျိုးဆက်ပြန့်ပွားမှုနဲ့
ကမ္ဘာမြေဟာ
မေတ္တာအကြည်ဓါတ်တွေ ခမ်းခြောက်သွားမှာ
ကျနော်စိုးရိမ်မိတယ် ။

လူ့ဘ၀မှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်
လောင်းကစားဖူးတယ်ဆိုရင်
ဒါဟာ.. အိမ်ထောင်ပြုခြင်းပဲ ဖြစ်လိမ့်မယ်၊
သူမက ကျနော့်ကို ယုံကြည်စွာ
ကျနော်က သူမကို ယုံကြည်စွာ
ဘ၀ကိုပုံအောကြရမှာ..
ချစ်မေတ္တာ၊ ငွေကြေး
နားလည်ခြင်း၊ သီးခံခွင့်လွှတ်ခြင်းနဲ့
သစ္စာတရားဟာ
အိမ်ထောင်ရေးမှာ
အဓိကဇာတ်လိုက်တွေဖြစ်ကြလိမ့်မယ်..

ကျနော်က ‘ကလေး’ လို့ ခေါ်တဲ့ သူမဟာ
ကျနော့် အတွက် ပန်းတစ်ပွင့်ဖြစ်သလို
ကျနော့်ရဲ့ တပ်မှူးကောင်းလည်း ဖြစ်ပါတယ်..
ကျနော် ပင်ပန်းနွမ်းနယ်တဲ့အခါ
သူမရဲ့ ဥယာဉ်မှာ အနားယူမယ်
ကျနော် ကြောက်စိတ်ဝင်လာတဲ့အခါ
သူမက ကျနော့်ကို စိတ်ဓါတ်ခွန်အားနဲ့
ရဲဆေးတင်ပေးလိမ့်မယ်..

သူမမှာ
နူးညံ့တဲ့ လက်တစ်စုံရှိတယ်
ကျနော့်မှာ
တွေဝေတတ်တဲ့ ဦးခေါင်းတစ်လုံးရှိတယ်..
သူမမှာ
လတ်ဆတ်တဲ့ ကိုယ်ခန္ဒာရှိတယ်
ကျနော့်မှာ
ဆွေးမြေ့ပုတ်သိုးနေတဲ့ အတွေးအခေါ် တချို့ရှိတယ်..

ဘာပဲဖြစ်ဖြစ်
ကမ္ဘာဦးလူသားတွေလိုပဲ
သူမနဲ့ ကျနော်ဟာ
ကျနော်နဲ့ သူမရဲ့ ကလေးတွေကို မွေးဖွားရင်း
သူမနဲ့ ကျနော်ရဲ့ ဒြပ်မဲ့ အိပ်မက်တွေကို
ဘီဒိုထဲ အပြီးတိုင် သော့ခတ်သိမ်းဆည်းရင်း
ကျနော်နဲ့သူမရဲ့ ပုဂ္ဂလိက မာနတွေကို မြှုပ်နှံသင်္ဂြိုလ်ရင်း
အနာဂတ်ကို မရဲတရဲ တွန်းဖွင့်ဖို့ အားယူနေခဲ့ကြပေါ့……။

ငြိမ်းချမ်းအောင်
၅ ဇန်န၀ါရီ ၂၀၀၈

5 comments:

မေပျို said...

ကိုငြိမ်းချမ်းအောင်ရေ ကဗျာလေးက အရမ်းအသက်ဝင်တာပဲ။ စာသားလေးတွေရော၊ အဓိပ္ပာယ်လေးရော အရမ်းကောင်းပါတယ်။ ကျနော်နဲ့သူမလေးလည်း ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေနော်။

လေးစားစွာဖြင့်
မေပျို

Kaung Kin Ko said...

ကဗျာလေးကောင်းလိုက်တာအစ်ကိုရာ။ ကိုယ့်ကိုယ်ကို ဇာတ်လိုက် နေရာထားပြီး ကဗျာလေးကို ခံစားသွားတယ်။ အဟီး :-D

Winkabar said...

အရမ်းကို အဓိပ္ပာယ်ရှိတဲ့စာသားတွေပဲအစ်ကိုရယ်။ ရည်ရွယ်ချက်ကော ဇာတ်လမ်းကော အရမ်းကောင်းတယ်။

ဆောင်းယွန်းလ said...

အဲဒီ သူမဟာ
ကျနော် အမြဲတမ်းတနေချင်တဲ့ ကောင်းကင်ပြာ..
ကျနော် ငယ်ငယ်ကမက်ခဲ့ ရတဲ့ အိပ်မက်..
ကျနော့် အမှောင်ညတွေကို အဆုံးသတ်မဲ့ လမင်းငယ်..
ကျနော့် အထီးကျန်ပြတင်းတံခါးတွေကို တွန်းဖွင့်ပစ်လိုက်မဲ့
ကယ်တင်ရှင် လေနီရိုင်း… အဖြစ်
ကျနော်က သတ်မှတ်ထားပါတယ်
ကောင်းလိုက်တဲ့တင်စားချက်...အရမ်းကြိုက်တယ်ဗျာ
အဲဒီသူမကိုရောတွေ့ပြီလားဗျ..ဟုတ်တယ်ငွေကြေးဆိုတဲ့
မဲပြာပုဆိုးကြီးကလည်းနေရာတကာပါတာဘဲနော်

Anonymous said...

ဒီကဗျာလေးက ကောင်းတယ်....စကားလုံးတွေကလဲလှတယ်..