31 December, 2007

အသက်ငင်နေတဲ့ ကမ္ဘာ

တနှစ်ပြီး တနှစ်
တရစ်ပြီးတရစ် ပူနွေးလာတဲ့ မြေကမ္ဘာမှာ
ငါဟာ အနေကြာ.. ပြီး.. အပူတွေကြာ
အခုတော့ အပူလူသားလုံးလုံးဖြစ်ခဲ့ပြီ ။

ငွေအတွက်ပူရ
လုံခြုံမူအတွက်ပူရ
အစားအစာအတွက်ပူရ
အတတ်ပညာအတွက်ပူရ
ပူလို့ကိုမဆုံးနိုင်တော့
အပူသံသယာထဲ
ဒီတစ်နှစ်လည်း
ထူးမခြားနားပဲ ဇာတ်သိမ်းခဲ့ပြန်ပြီ ။

ဒီလိုနဲ့
၃၆၅ ရက်ကိုအဆုံးသတ်ဖို့
၃၆၅ စက္ကန့်အလိုမှာ
ဒီ… ကဗျာကို ငါချရေးနေမိ
နောက်ထပ်
“၃၆၅ လ” ထပ်ပြီး နေဖို့ မျှော်လင့်မနေချင်တော့ဘူး
လူအဖြစ်ရှင်သန်ရခြင်းက
ခက်ခဲပင်ပန်းလွန်းပေစွ ။

ရီမုတ်ကွန်ထရိုးတချက်နှိပ်လိုက်ရုံ
ကွန်ပြူတာမှာ အန်းတား (enter) တချက်ခေါက်လိုက်ရုံနဲ့
ကမ္ဘာကြီးတစ်ခုလုံး ပြာကျသွားနိုင်တယ်ဆိုပဲ
အလိုလေး ကိုယ့်လူတို့ စဉ်းစဉ်းစားစားတော့ လုပ်ကြပါ
တွေးကြည့်ရုံနဲ့တင် ကျောချမ်းလွန်လွန်းလို့ ။

လူတွေရှင်သန်ဖို့
တိရစ္ဆာန်တွေ သေပေးနေကြရ
လူသားတွေကို ထမ်းပိုးထားရတဲ့
ကမ္ဘာမြေကိုလည်း အားနာလှပါပြီ ။

ကျောက်ခေတ်မှသည် အင်တာနက်ခေတ်အထိ
ခေတ်တွေတခေတ်ပြီးတခေတ်
စစ်အေးခေတ်တော့ ကုန်ခဲ့ပြီ
ဒီနေ့ခေတ်ကဘာခေတ်လဲ
စူပါ ပါဝါတွေရဲ့ကြားမှာ
ငါတို့က နူရာဝဲစွဲ ။

“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်” တဲ့
“ကံကြမ္မာ” ဆိုတာကို သေချာနားလည်ဖို့ အရင်ကြိုးစားရမယ်
တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ
လွတ်အဘစ် ပစ်ချား (Look a big picture)
၂၁ ရာစုမှာ ရှင်သန်နိုင်ဖို့
နည်းနည်းတော့ ၀ိရိယ စိုက်ထုတ်ဖို့လိုတယ် ။

ဆိုင်းယပ်တက်ခနိုလိုဂျီ အစွမ်းကုန်ဖွံ့ဖြိုးခဲ့ပြီ
ဝိုင်ယာလက် မြို့ပြတွေလည်းတည်ဆောက်ပြီးပြီ
တောတွေလည်းကုန်သလောက်ဖြစ်ပြီ
အညစ်အကြေးတွေလည်း စိတ်ရှိလက်ရှိ စွန့်ထုတ်ခဲ့ပြီးပြီ
ကမ္ဘာမြေလည်း စိတ်ရှိလက်ရှိ ညစ်ထေးနေခဲ့ပြီ ။

ခုတော့
သေမဲ့နေ့ကို စောင့်နေရ ပုံမျိုးနဲ့
နာတာရှည်ရောဂါတွေ ရထားတဲ့
အိုမင်းရွတ်တွ ကမ္ဘာမြေဟာ
ဗိုင်းရပ်စ်ပိုးမွှား အသစ်တွေကို ခုခံကာကွယ်နိုင်ဖို့
လုံလောက်တဲ့ ကိုယ်ခံအား မရှိတော့
မနက်ဖြန်မှာ မွေးဖွားလာမဲ့ ကလေးတွေကိုတော့ သနားမိပါရဲ့ ။

၂၀၀၇ မှာ
ပဲရစ်ဟယ်တန် ထောင်ကျတဲ့သတင်း
ဟောလိဝုဒ်က ဘရက်ပစ်နဲ့ဂျိုလီတို့ စုံတွဲသတင်း
မြန်မာပြည်က ရွှေဝါရောင်တော်လှန်ရေးသတင်း
ဘရစ်တနေစပီးယားရဲ့အသက် ၁၆နှစ်ညီမလေး ကိုယ်ဝန်ရှိတဲ့သတင်း
ဘနက်ဇီယာဘူတို လုပ်ကြံခံရတဲ့သတင်းတွေ
လူကြိုက်များခဲ့ ။

၂၀၀၇ ထဲမှာ
နယ်စပ်က ဒုက္ခသည်
တစ်သောင်းငါးထောင်ကျော် အမေရိကကို ထွက်ခွာ
“ဗမာ့လုပ်အား ကမ္ဘာကျော်ရမှာပေါ့”
ခိုင်းနွားကောင်းတွေလို
မြန်မာဒုက္ခသည်တွေဟာ
မြောက်အမေရိကတိုက်က စက်ရုံတွေမှာ
တာဝန်ယူကြလိမ့်မယ်
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရောက်နေနေ
ငါတို့ ဗမာတွေဟာ
ကမ္ဘာ့ ကုန်ထုတ်လုပ်မူမှာ တာဝန်ကြေရမယ်ဟေ့ ။

၂၀၀၇ မှာ
ငါလည်းအသက်တနှစ်ပိုကြီးလာတယ်
ပိုပြီး ရင့်ရော် ခက်ထန် ကြမ်းတမ်း
ငါ့တသက်တာအတွက်တော့
ကမ္ဘာမြေဟာ လုံလောက်တဲ့ ကျန်းမာရေး ရှိတန်ကောင်းပါရဲ့ ။

ဘာပဲဖြစ်ဖြစ်
ဒီတစ်ညမှာတော့
ကမ္ဘာ့အရှေ့ဖက်ခြမ်းက တို့တစ်တွေ
အနောက်ဖက်ခြမ်းထက်ဦးစွာ
နှစ်သစ်ကို ကြိုဆိုလိုက်ကြဦးစို့ရဲ့ ။ ။

နှစ်ဟောင်းကိုနူတ်ဆက်၊ နှစ်သစ်ကိုကြိုဆိုပါသည်။

ငြိမ်းချမ်းအောင်
၃၁ ဒီဇင်ဘာ ၂၀၀၇

3 comments:

Saung Yune La (aka) Way said...

ကျောက်ခေတ်မှသည် အင်တာနက်ခေတ်အထိ
ခေတ်တွေတခေတ်ပြီးတခေတ်
စစ်အေးခေတ်တော့ ကုန်ခဲ့ပြီ
ဒီနေ့ခေတ်ကဘာခေတ်လဲ
စူပါ ပါဝါတွေရဲ့ကြားမှာ
ငါတို့က နူရာဝဲစွဲ
Very Good Poem. I really like it.

ကောင်းကင်ကို said...

“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်” တဲ့
“ကံကြမ္မာ” ဆိုတာကို သေချာနားလည်ဖို့ အရင်ကြိုးစားရမယ်
တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ
လွတ်အဘစ် ပစ်ချား (Look a big picture)
၂၁ ရာစုမှာ ရှင်သန်နိုင်ဖို့
နည်းနည်းတော့ ၀ိရိယ စိုက်ထုတ်ဖို့လိုတယ် ။

ကောင်းတယ်ဗျာ။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။

Winkabar said...

နှစ်သစ်မှာပျော်ရွှင်ပါစေ ကိုငြိမ်းချမ်းရေ။ ကဗျာကအရမ်း အဓိပ္ပာယ်ရှိတာပဲ။