24 March, 2008

အလွမ်းနဲ့ရေးတဲ့ သီချင်းတစ်ပုဒ်

အသာတကြည်မရလို့
အကြမ်းဖက်လိုစိတ်က မကြာခဏခေါင်းထောင်ထတယ်
စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လက်တုန့်ပြန်မိတော့
နိုင်ငံရေးလုပ်မယ်ဆိုရင် အရေထူဖို့ အရင်ကြိုးစားလိုက်ပါဦး ညီလေးရာတဲ့
ဆရာကြီးလေသံနဲ့ ကဲ့ရဲ့စကားဆိုတာကို ခံရတယ်
လမ်းပေါ်မှာခလုတ်တိုက်မိရင် တိုက်မိတဲ့အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
လမ်းသွားရင်း ဟောင်တဲ့ခွေးကို ခဲနဲ့ကောက်ထုတယ်
မကျေနပ်တာကို မကျေနပ်ဘူးကွလို့ ဗြောင်ဖွင့်ပြောလိုက်တယ်
ရွှေပြည်အေးတရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်တယ်
သူပုန်ထတာ အချိန်နေရာဒေသ ရွေးနေစရာမလိုဘူး
ဘယ်နည်းနဲ့ပဲ နိုင်နိုင် အနိုင်ရလိုစိတ် ငယ်ငယ်ကထားခဲ့ဖူးတယ်
ရန်ရန်ချင်းမတုန့်နှင်းရဘူးတဲ့
ရန်သူကို ရန်သူလို မမြင်မိတဲ့နေ့ကစပြီး ခံရတော့တာပဲ
အိပ်မက်ထဲမှာ ယောင်ယောင်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးတွေ
နိုးလာတိုင်း လွမ်းဆွတ်နေမိတယ်
ကိုယ်ဖော့ပြီးစဉ်းစားတယ်
ခဲဆွဲပြီးစဉ်းစားတယ်
စိတ်ကိုဖွင့်ထားတယ်
နှလုံးသားကို ဖွင့်ထားတယ်
အနွေးအင်္ကျီထူထူ ၀တ်ထားတယ်
ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားတယ်
လူရှေ့မှာ ဆွေးနွေးလို့ ရအောင် စာတိုပေစတွေ မတောက်တခေါက် ဖတ်ထားတယ်
မူးမှပဲ အော်အော် ဆဲလို့ကောင်းတော့ တစ်ခါတစ်ခါတော့လည်း မူးမိတာပေါ့
မူးတိုင်းလည်း နံရံကို လက်သီးနဲ့ ပစ်ပစ်ထိုးလိုက်တယ်
ရွေးချယ်စရာ မတွေ့လို့ ဘာကိုမှ မရွေးချယ်မိသေးတာပါ
ခြေမတွေ့လို့ စောစောစီးစီး ထွက်ထိုင်နေမိတာ
မနက်ဖြန်ဆိုတဲ့မမြင်ရတဲ့အနာဂတ်နဲ့
ဓါတ်တိုင်ကမီးအရောင်ပြန်ဟပ်ပြီးလင်းနေတဲ့ကာင်းကင်အောက်မှာ
ဘယ်အရာမှအစီအစဉ်တကျမရှိကြဘူး။

ငြိမ်းချမ်းအောင်

6 comments:

Apprenticeship said...

Kaung daw ne` byar Ko Htot.....
တိုက်မိတဲ့ အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန် dar ma lote bar ne ခြေထောက nar ne mar so lo :)

စိုးထက် - Soe Htet ! said...

သီချင်း ကို သံစဉ် သွင်း လိုက်တော့ ဗျို့ :D

pandora said...

ရားး
ိခုတလောရေးတဲ့အထဲမှာ ဒီတစ်ပုဒ် သဘောအကျဆုံးပဲ

~J-Quen ~ said...
This comment has been removed by the author.
~J-Quen ~ said...

မနက်ဖြန်ဆိုတဲ့ မမြင်ရတဲ့ အနာဂတ်နဲ့
ဓါတ်တိုင်က အလင်းရောင်နဲ့ လင်းနေတဲ့ ကောင်းကင်အောက်မှာ
ဘယ်အရာမှ အစီအစဉ်တကျ မရှိကြဘူး။

မှန်ပ။ ဒီတစ်ပုဒ်ကို တော်တော်ကြိုက်တယ်။

Anonymous said...

ကောင်းလွန်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ