27 April, 2008

အနီးအဝေး မိုင်တိုင်များ

အချစ်နဲ့ အမုန်းသာ မရှိတော့ရင်
ဘ၀က ငြီးငွေ့ဖွယ်ရာပင်။

ဖြတ်သန်းခဲ့တယ်
ပျားရည်ဆမ်းမထားတဲ့ မွဲခြောက်ခြောက် အထီးကျန်နေ့ရက်တွေ
တစ်ခါတစ်ခါတော့လည်း မချိပြုံးပြုံးရင်း
တစ်ခါတစ်ခါတော့လည်း ထင်းမီးဖိုလှုံရင်း။

ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ ဆုံမိတဲ့အခါတိုင်း
အချစ်ရေးကိစ္စကို မေးမေးနေကြ
အကြောင်းပြချက် ရေရေရာရာ မရှိပေမဲ့
ယနေ့တိုင် လူပျိုဘ၀ကို ခုံမင်နေမိဆဲ။

ရှင်သန်ခဲ့ကြတယ်
မွေးလာကတည်းက သေဆုံးချိန်အထိ
တစ်စုံတစ်ရာကို မျှော်လင့်ရင်းနဲ့
အဲဒီမျှော်လင့်ချက်သာ မရှိတော့ရင်
လူတစ်ယောက်ဟာ
ရေသောက်မြစ် အဖြတ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ။

ဘယ်အရာကများ သေချာခဲ့လို့လဲ
မနက်ဖြန်ဆိုတာ ဘယ်သူမှ ကြိုတင်မမြင်ရတဲ့ အရာ
မရောက်သေးတဲ့ ကမ္ဘာတစ်ခုပဲ။
လူတွေရဲ့ အိုင်ဒီရော်လော်ဂျီတွေ
အချိန်နဲ့အမျှ ပြောင်းလဲနေတယ်
အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ ခံစစ်စည်းရိုးတွေတောင်
အတုံးအရုံး ပြိုကျခဲ့ရတယ်။

ပါးစပ်က ထွက်ကျလာတဲ့ စကားတစ်ခွန်းအတွက်
တာဝန်ခံဖို့ လိုအပ်တယ်
ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်အတွက်
တာဝန်ယူဖို့ လိုအပ်တယ်
လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ
သေနင်္ဂဗြူဟာမြောက်ဖို့ လိုအပ်ကောင်းလိုအပ်မယ်
လူတစ်ယောက်ဟာ ဘာမှမသိရင်လည်း
အကြောက်အလန့်ရှိမှာ မဟုတ်တော့ဘူး။

နေရာတိုင်းမှာ
မိုက်သွေးတွေ ကြွပြနေဖို့ မလိုအပ်ပေမဲ့
တစ်စုံတစ်ရာ ရဖို့ဆိုရင်
မိုက်စိတ်ကို မွေးမြူကြရလိမ့်မယ်။
နောက်ကျိနေတဲ့ အတွေးစတွေကို
တစ်ကန့်စီ ရှင်းထုတ်ဖို့
အနည်ထိုင်နေတဲ့ သွေးကို
ရဲဆေးတင်ပေးဖို့ လိုနေတယ်။

ဘီလူးတွေစောင့်ရှောက်တဲ့ မြို့တော်ကို
အကျအရှုံးမရှိပဲ
လွယ်လင့်တကူနဲ့တော့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။

ငြိမ်းချမ်းအောင်

3 comments:

Apprenticeship said...

came and learn twar bar tal

Loanma said...

are u advertising that you are a single? naut tar naw bro.. sait ma soe nae...
nice poem!

Watery said...

လာရောက်ဖတ်ရှုသွားပါတယ်..ကဗျာထဲမှာအဓိပ္ပာယ်တွေ အများကြီး ခံစားလိုက်ရတယ်..nice poem!!!