07 December, 2007

ကဗျာဆရာ၏ ကြောက်စိတ်

ကဗျာတစ်ပုဒ်ရေးဖို့ငါစဉ်းစား
လေထဲမှာလွင့်သွားတဲ့ အတွေးစတွေကများ
ကဗျာဖြစ်လာတာကရှားပါး
ငါ့မှာ အတတ်ပညာကလည်း ခပ်နဲနဲ
အနုပညာကလည်း ခပ်ကျဲကျဲ
အဘိဓမ္မာကလည်း ခပ်မွဲမွဲ
ကဗျာဆရာတစ်ယောက်ဖြစ်ဖို့
ပါရမီဓါတ်ခံကလည်း မသဲမကွဲ
ဒီလိုနဲ့ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား ငါစဉ်းစား

ဒုက္ခသည်နိုင်ငံက ကဗျာဆရာတစ်ယောက်ဟာ
“အချစ်” အကြောင်း မကြာခဏရေးဖို့ သင့်တော်ပါ့မလား ငါစဉ်းစား
အနုပညာဟာ မင်းနဲ့ ငါ့ကြားက အဖျော်ဖြေခံပစ္စည်းတစ်ခုလား
ငါ့စိတ်တွေအကြောလျှော့ဖို့ အနုပညာကို ဓါးစာခံ လုပ်ခိုင်းသင့်သလား
ငါ့ရင်ဘတ်ထဲက ခံစားချက်တွေကို မင်းသိအောင်ပြောပြလိုက်ဖို့
အနုပညာကို အသုံးချသင့်သလား

အိပ်ရေးမ၀သေးပဲနဲ့ မြင်းစီးလို့ ဖြစ်ပါ့မလား ငါစဉ်းစား
ညစာမရှိသေးပဲနဲ့ ဂျနီဖာလိုပက်ဇ်ကို ချစ်ရေးဆိုလိုက်ဖို့ သင့်ပါ့မလား

အနုပညာဟာ ငါ့အတ္တတွေရဲ့ ကျေးကျွန်လား
အနုပညာဟာ ငါ့မာနတွေကို ခင်းကျင်းပြသဖို့လား
အနုပညာဟာ ငါ့အကြောတွေဖြေလျှော့တဲ့ ဘောလုံးကွင်းတစ်ခုလား
ဒါမှမဟုတ် ငါ့ရူးသွပ်မှုတွေရဲ့ ထုတ်ကုန်ပစ္စည်းလား
ငါဟာ အနုပညာအတွက်လား
အနုပညာဟာ ငါ့အတွက်လား
ငါ့ခေါင်းထဲမှာ လားပေါင်းများစွာနဲ့ရှုတ်ထွေး
ကဗျာတစ်ပုဒ်ချရေးလိုက်ဖို့ ငါ လက်တွန့်နေမိတယ်။ ။

ငြိမ်းချမ်းအောင်
၇ ဒီဇင်ဘာ ၂၀၀၇

2 comments:

ကောင်းကင်ကို said...

Hiphop ဟန်နဲ့ ရေးထားတာကောင်းတယ်ဗျာ။

moechitthu said...

ကဗျာဆရာရေ
ရေးပါနော်
ဖတ်ချင်လို့ပါ။
ရေးပါနော်