02 December, 2007

ခံကတုတ်

သာသနာမြေတောင်
ချိတ်ပိတ်ခံရ..

ရဟန်းသံဃာတွေလည်း
ဒုက္ခသည်ဖြစ်ရ..
နေစရာမဲ့
စားစရာမဲ့ ဖြစ်ကြရ..
ခွက်ဆွဲကိန်းကြုံရ..

သံဃာစင်ပေါ် ခွေးတက်တဲ့
အိုဘယ့် အမှောင်မိုက်ဆုံး ခေတ်ပျက်ကြီးထဲ

ငါတို့ကိုးကွယ်တဲ့ ဘုရားကိုခေါင်းဖြတ်တော့
တခေတ်လုံးကြပ်တယ်
ငါတို့ကိုးကွယ်တဲ့ သံဃာကိုသတ်တော့
တခေတ်လုံး ငတ်တယ်
ငါတို့ကိုးကွယ်တဲ့ သာသနာကိုဖျက်တော့
တခေတ်လုံးပျက်တယ်

ငါတို့ ဦးခိုက်ရာဟာ
ဘုရားလား စစ်သားလား
ဗုဒ္ဓကို မိစ္ဆာက စစ်ကြေငြာလိုက်ပြီ

အမှောင်ခေတ်မှာ ဘုရားမပွင့်နိုင်
အရည်းကြီးတွေကို အနော်ရထာမောင်းထုတ်သလို
ခွေးသူတောင်းစားတွေကို ငါတို့ မောင်းထုတ်ကြရမယ်

မျိုးဆက်သစ်တို့ရေ
ဗမာ့သွေးကို ပြကြ

အသက်ရှူနေပေမဲ့
ရှင်သန်ခြင်းပျောက်ဆုံးနေတဲ့ဘဝ
ထောင်မကျပေမဲ့ မလွတ်မြောက်တဲ့ဘဝ
လူစစ်ပေမဲ့ လူမဖြစ်တဲ့ဘဝ
မွေးလာကတည်းက သေဆုံးနေခဲ့ပြီးသား ငါတို့အတွက်
သေဆုံးခြင်းဆိုတာ အဆန်းတကြယ်ကိစ္စမဟုတ်။

ကျောတခင်း
ထမင်းတနပ်နဲ့တော့
လူမဖြစ်နိုင်
အပေါစားတပ်မက်မှုအားလုံးကို စွန့်လွှတ်ကြ

အရေးတော်ပုံဆိုမှတော့
ကြုံသလို ပုန်ကန်ကြရမယ်
သပိတ်စုံ သူပုန်ထရမယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးဟေ့။ ။

ငြိမ်းချမ်းအောင်
၂ ဒီဇင်ဘာ ၂၀၀၇

2 comments:

Anonymous said...
This comment has been removed by a blog administrator.
Saung Yune La (aka) Way said...

အသက်ရှူနေပေမဲ့
ရှင်သန်ခြင်းပျောက်ဆုံးနေတဲ့ဘဝ
ထောင်မကျပေမဲ့ မလွတ်မြောက်တဲ့ဘဝ
လူစစ်ပေမဲ့ လူမဖြစ်တဲ့ဘဝ
မွေးလာကတည်းက သေဆုံးနေခဲ့ပြီးသား ငါတို့အတွက်
သေဆုံးခြင်းဆိုတာ အဆန်းတကြယ်ကိစ္စမဟုတ်။
အလွန်ထိမိတဲ့စကားလုံးကောင်းလေးတွေပါဘဲ..ကဗျာဆရာရေ