26 December, 2007

ကချေသည်

ဆက်ပြီးကပါ ငါ့မင်းသမီးလေး
သီချင်းတစ်ပုဒ်ဆုံးအောင် ဆက်ပြီးကပါဦး
မင်းအသံလေးကိုကြားချင်လို့ပါ
တဏှာရာဂ မပါဘူး
အချစ်ဆိုတဲ့ ဘာသာဗေဒမှာ
မင်းအပြုံးမှာ ကျေနပ်ရင်ခုန်ရုံ
(မင်းလက်ကလေး ကိုင်ထားခွင့်တော့ရချင်ရဲ့)
မင်းမျက်နှာလေး ငေးကြည့်နေရုံနဲ့ ပြီးပြည့်စုံပါတယ်
ငါသေချာတယ်၊ ငါ့စိတ်တွေ ဖြူစင်သန့်ရှင်းနေပါတယ်
ငါလောဘမကြီးပါဘူး
မင်းဆီက ငါဘာမှမျှော်လင့်မထားပါဘူး
အတတ်ပညာ၊ ဥစ္စာဓန
ငါဘာမှ မတပ်မက်ပါဘူး
ဒီတစ်ညတော့ ငါလွတ်လပ်ချင်တယ်
မင်းအပြုံးမှာ စိတ်ရှိလက်ရှိ ကျဆုံးချင်တယ်
မင်းမတောင်းဆိုပေမဲ့ ငါပေးဆပ်ချင်တယ်
မင်းလိုအပ်မယ်ဆိုရင် ငါအဆင်သင့်ဖြစ်ချင်တယ်
(တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ်၊ တစ်ခဏတာအတွက်ပဲဖြစ်ဖြစ်ပေါ့)
မင်းက ရိုးရာအစဉ်အလာကို ထိမ်းသိမ်းသူ
မင်းကြွယ်ဝတဲ့ အနုပညာနဲ့ တာဝန်ကျေပွန်ချင်သူ
ငါက မင်းချစ်တဲ့ အနုပညာကို ချစ်မြတ်နိုးသူ
တို့နှစ်ယောက်အတွက် ဒီလောက်ဆိုရင် ပြည့်စုံမှာပါ
အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့စိတ်ခံစားမူမှာ
တစ်ညတာပဲ ဖြစ်ဖြစ်
မိုးမလင်းခင်အထိပေါ့
ဆက်ပြီးကပါ မင်းသမီးလေး
သီချင်းတစ်ပုဒ်ပြီးရင်၊ နောက်တစ်ပုဒ်ပေါ့
ငါ မအိပ်ချင်သေးလို့ပါ
တစ်ဘ၀မှာ တစ်ခါပဲဖြစ်ဖြစ်
အချစ်ရဲ့ ပြီးပြည့်စုံမူမှာ ငါကျေနပ်ပါရစေ ။ ။

ငြိမ်းချမ်းအောင်
၂၆ ဒီဇင်ဘာ ၂၀၀၇

3 comments:

Kaung Kin Ko said...

ကဗျာလေးလှတယ်ဗျာ။ :-)

Anonymous said...

ကချေသည် စကား

ကျေနပ်ပါကွယ်
ပင်ပန်းနွမ်းနယ်နေပေမဲ့
အချစ်ရဲ့ တန်ခိုးကြောင့်
မရိုးနိုင်တဲ့ အကတွေနဲ့
ဖျော်ဖြေလိုက်ပါရစေ... ။

သီချင်းတပုဒ် ...
ပြီးတော့ နောက်တပုဒ်လေ
သီချင်းတွေ မဆုံးခင်
မိုးလည်း မလင်းစေချင်ပါ
မိုးလင်းတဲ့အခါ ဒီနေရာက
ထွက်ခွာသွားရတော့မှာ ... ။

မျက်နှာက ပြုံးနေပေမဲ့
နှလုံးသားမှာ ငိုကြွေး
အလွမ်းတေးတွေ သီဆို
ခွဲရမှာကို ကြိုသိနေလို့ပါ ... ။

ရွှေနားတော်သွင်း တေးသီချင်း
မင်းအတွက် အပျင်းပြေ
သီဆိုနေပါ့မယ် ...
ကကြိုးကကွက်ဆန်းပြား
မင်းရှုစားဖို့
ကြိုးစားက-နေတယ် ...
နှလုံးသားနဲ့ ခံစား
နှလုံးသားနဲ့ နားဆင်
မင်း မြင်လှည့်ပါ့ကွယ် ... ။

Anonymous said...

ဒီနေရာလေးကြိုက်တယ်။
မျက်နှာက ပြုံးနေပေမဲ့
နှလုံးသားမှာ ငိုကြွေး
အလွမ်းတေးတွေ သီဆို
ခွဲရမှာကို ကြိုသိနေလို့ပါ ... ။

ရွှေနားတော်သွင်း တေးသီချင်း
မင်းအတွက် အပျင်းပြေ
သီဆိုနေပါ့မယ် ...
ကကြိုးကကွက်ဆန်းပြား
မင်းရှုစားဖို့
ကြိုးစားက-နေတယ် ...
နှလုံးသားနဲ့ ခံစား
နှလုံးသားနဲ့ နားဆင်
မင်း မြင်လှည့်ပါ့ကွယ် ... ။