ဂျွန်ဝူးရဲ့အက်ရှင်ကားကို
သရီးဒီဖန်ဆင်းချက်တွေနဲ့ ကြည့်နေရသလိုမျိုး
သည်းထိတ်ရင်ဖိုဖွယ်ရာ…ခုနစ်လွှာကကွက်တွေနဲ့
မင်းသမီးက….မာယာများလွန်းတယ်။
ရုပ်ရှင်က
မိနစ်ကိုးဆယ်အကြာမှာပြီးတယ်
ပြီးပြီတဲ့…စာတန်းလည်းထိုးရဲ့။
အပြင်ဘက်မှာတော့
ငါတို့ အလွမ်းဇာတ်က ကောင်းတုန်း
မိုးကသည်းတုန်း..။
ကြားဖြတ်စက်မလိုဘူး
မပည တွေမလိုဘူး။
ရထား..ရထား…
ရထားဖြစ်လား..အကြောင်းပြန်ပါကွယ်…
ဒါတွေလည်းမလိုဘူး။
ခေတ်ကြီးကနည်းနည်းပြောင်းတယ်။
အင်တာနက်ရှိရင် ဘ၀ကပြီးတယ်။
ကွန်ပြူတာဖွင့်လိုက်ရင်တော့
ဝက်ဆိုက်ဒ်တွေထဲမှာ
သွေးကွက်တွေ....မခြောက်သေးဖူး။
နားတွေလည်းငြီးလှပြီ
ရေဒီယိုအစီအစဉ်တွေကို ငါအလွတ်မပေးနိုင်သေးဘူး
မျက်စိတွေလည်းညောင်းလှပြီ
ကွန်ပြူတာနားကမခွာနိုင်သေးဘူး။
စီဗောက်တွေမှာလည်း မွှေနှောက်နေရဆဲ။
ထိုင်ရမလို၊ ထရမလို ငါ့စိတ်တွေအနည်မကျ။
ရှော့ဝေ့ရေဒီယိုက ကောင်မလေးအသံ
ကြားရဖန်များလို့ထင်ရဲ့
ငါကကြိုက်ချင်ချင်..။
ဓါတ်ပြားဟောင်းတွေတော်ပါတော့
ဖမ်းတယ်…လွှတ်တယ်
ရိုက်တယ်…သတ်တယ်
ချော့မြူတယ်…ခြိမ်းခြောက်တယ်
ဒီလိုနဲ့ ဆယ်စုနှစ်တွေလည်း လုံးပါးပါးခဲ့ရ။
ငါတို့နိုင်ငံတော်ကြီးလည်း လုံးပါးပါးခဲ့ရ။
အယုံသွင်းသွင်းပြီး
ရုံသွင်းပြဖို့ကြိုးစားခဲ့တာလည်း
ခံရပေါင်းများလှပြီ။
ဒေါ်မာမာအေးသီချင်းသံကြားတိုင်း
ငါ ငုတ်တုတ်....ထထထိုင်မိ
ဘုန်းကြီးကျောင်းတွေမှာ
သွေးစက်တွေက မခြောက်သေးဘူး…။
ဒို့လူမျိုးတွေ….သွေးနဲခဲ့လို့လား
ဂူဂဲမှာရေးတဲ့ ဒို့သမိုင်းစာမျက်နှာ
သွေးချင်းချင်းနီနေရဲ့..။
ဒီလိုပါပဲ
(လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကအတိုင်း)
လူ့ယဉ်ကျေးတွေ…..စကားဟောင်ဖွာဟောင်ဖွာပြောကြ
လူမိုက်တွေ…လမ်းမပေါ်ထွက်လာကြ
ကလေးတွေ…ဆာလောင်နေကြ
ချစ်သူတွေ….ကြေကွဲနေကြ
သွေးနဲ့ရေးတဲ့….သွေးသမိုင်း
ပိုးစိုးပက်စက်….ညှီဟောင်လွန်းပေရဲ့…။
အောင်ရင်ငြိမ်းချမ်း
၁၀ နိုဝင်ဘာ ၂၀၀၇
10 November, 2007
လွမ်းတေး
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment