09 November, 2007

ကျားရဲ - ဦးဝင်းတင် (ဟံသာဝတီ)

“ကျားရဲ”

ဦးဝင်းတင် (ဟံသာဝတီ)

နေပြင်းလျှင်
နှင်းမူန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် …. လေမ၀င်
နေမမြင် … လမမြင်
လူမမြင် … သူမမြင်မှာ
ထိုင်လျှင်ထိုင် … မထိုင်လျှင်ငေး
အိပ်လျှင်အိပ်…မအိပ်လျှင်တွေး
သတင်းမေးဖို့ရာဝေးရော…သီချင်းလေးမှမဆိုရ
စာဖတ်ဖို့ဝေးရော…ကဗျာလေးမှမစပ်ရ
တရားဟောဖို့ဝေးရော…စကားလေးမှမပြောရ
အဟောသိက…သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး…ပတ်လျှောက်လိုက်
သံတခါးဝ…ရပ်လိုက်
တမတ်တပ်တပ်…တနေကုန်။
မနေ့ကလည်း…တနေကုန်
ဒီနေ့လည်း..တနေကုန်
မနက်ဖြန်လည်း…..ကုန်အုံးမယ်
ကုန်…ကုန်…ကုန်…
ကုန်ချင်သလောက်ကုန်စမ်း…
တရက်ကုန်မလား…တသက်ကုန်မလား
တလကုန်မလား….တဘ၀ကုန်မလား
တနှစ်ကုန်မလား….တခေတ်ကုန်မလား
အားမလျှော့ဘူး…မပျော့ဘူး
ပေဖြစ်တော့ခံမယ်…တူဖြစ်တော့နှံမယ်
အမှန်တရား…တို့ဖက်မှာရှိတယ်
ပြည်သူအများ..တို့ဖက်မှာရှိတယ်
ကာလယန္တယား….တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား…တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရစ္ဆာန်ရုံကကျားလို…လှောင်အိမ်ထဲမှာ တလွင့်လွင့်
ကျားညွန့်တုံးမယ် ထင်နေသလား…
မှားလိုက်တဲ့အမြင်..ဟားတိုက်လို့ ရီချင်စရာ….။
မှတ်ထားဟေ့….
အ၀ါပေါ်မှာ…အနက်စင်း..
မပျက်မယွင်း ကွက်ကွင်းကွင်း…
အရှင်းသား မလွဲသ၍
အထင်းသား စွဲသ၍
ကျားရဲဟာ ကျားရဲ
ငါလည်း…
အဲဒီလိုပဲကွ…ဟေ။ ။

“ရောဂါမျိုးစုံ ခံစားနေရတဲ့ ကြားက ထောင်ထဲမှာ ယနေ့တိုင် လှေခွက်ချည်းကျန် အလံမလှဲ တစ်မျိုးသားလုံး လွတ်မြောက်ရေး၊ တိုးတက်ကောင်းမွန်သော ဘ၀များ ရရှိပိုင်ဆိုင်နိုင်ရေး အတွက် ဘ၀ပေး၊ အသက်ပေး တိုက်ပွဲဝင်နေသူ မြန်မာပြည်မှာ ထောင်ကျသက်တမ်း အရှည် ကြာဆုံးထဲက တစ်ယောက်ဖြစ်တဲ့ (၁၉၈၉ ခုနှစ်ကတည်းက ထောင်ကျခဲ့) အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အတွင်းရေးမူးတစ်ယောက်ဖြစ်သူ “သူရဲကောင်း သတင်းစာဆရာကြီး ဦးဝင်း တင်” ရဲ့ ထောင်အတွင်း စပ်ဆိုထားတဲ့ ကဗျာဖြစ်ပါတယ်။ ဦးဝင်းတင်လို သူရဲကောင်းမျိုးတွေ မြန်မာ့ သမိုင်းမှာ အထင်အရှား တည်ရှိနေတဲ့အတွက် မြန်မာဖြစ်ရတာ ဂုဏ်ယူစရာပါ။ ဦးဝင်း တင် ဘ၀မကူးခင် သူမြင် ချင်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ပန်းပွင့် များ... မြန်မာပြည်မှာ မြင်သွားရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။”

No comments: