အခုတော့..
ညီမလေးရဲ့ဆောင်းရာသီဟာလည်း
အရင်ကလို မအေးမြနိုင်တော့..
သွေးညှီနံ့တွေလွယ်ပိုးထားရတဲ့ မြို့တော်ဟာလည်း
ညညဆို တစ္ဆေခြောက်ခံနေခဲ့ရပြီ။
ကမ်းရှာငှက်တို့ ကမ်းကိုရှာမတွေ့ခင်
မုန်တိုင်းက ကမ်းကိုရှာတွေ့ခဲ့ပေါ့။
စက်တင်ဘာရေ..
နှလုံးသွေးစက်လက်နဲ့
ငါကျိန်စာတိုက်ပါရစေ
ဖြစ်လေရာဘ၀အဆက်ဆက်မှာ
လူယုတ်မာတို့နဲ့ ကင်းဝေးရခြင်းဆုလာဒ်ကို
ငါချဉ်ခြင်းတပ်မိပါရဲ့။
အောင်ပွဲဟာတိုက်ရဲသူအတွက်
သက်သက်ဆိုရင်တောင်
တရားမျှတတဲ့တိုက်ပွဲကိုသာ
ငါတို့ကို ပေးသနားကြပါ။
နွေဦးအကြိမ်ကြိမ် ဖူးပွင့်ခဲ့ဖူးသလို
နွေဦးအကြိမ်ကြိမ် ကျဆုံးခဲ့ဘူးပါတယ်။
အခုတော့
စစ်ပွဲ အလောင်းနဲ့ ဒုက္ခိတတွေကို
ကမ္ဘာမြေက ဥပက္ခာပြုထားရစ်ခဲ့ပြီ။
ငါတို့အတွက်ထွက်ပေါက်က
နာကျည်းမူ၊ တောက်ခေါက်သံနဲ့
မျက်ရည်စက်တွေပဲလား။
ငြိမ်းချမ်းရေး
ချစ်ခြင်းမေတ္တာနဲ့
သစ်သီးဝလံတွေ
ငါတို့လိုချင်ပါတယ်။
ကမ္ဘာမြေခင်ဗျာ၊ ကျေးဇူးပြု၍
ကျွနုင်္ပ်တို့ကို လူဖြစ်ခွင့်ပေးသနားပါ။
ကျွနင်္ုပ်တို့မှာလည်း ပခုံးနှစ်ဖက်
ခေါင်းတလုံးနဲ့ ကိုယ်လက်အစုံရှိပါရဲ့။
လူပီသကြောင်းငါတို့အကြိမ်ကြိမ်ပြခဲ့ဖူးပါရဲ့
လမ်းမတွေပေါ်မှာ ကျကျန်ရစ်ခဲ့တဲ့
သွေးကွက်..
ဖိနပ်ပြတ်တွေနဲ့..
ဝိဉာဉ်တွေဟာ..
ငါတို့ရဲ့
နောက်ဆုံးသက်သေထွက်ဆိုချက်တွေဖြစ်တယ်
ပြီးတော့ မိစ္ဆာအတွက်ကျိန်စာ
အမေတွေငိုနေတုန်းပဲ။
သာသနာကိုခွေးဟောင်တော့
တခေတ်လုံးမှောင်မိုက်ခဲ့ရပေါ့ ညီမလေးရေ
မင်းရဲ့ ဆောင်းရာသီဟာလည်း
ဆောင်းမပီသတော့တာ ကြာခဲ့ပါပြီ။
ကမ်းရှာငှက်တို့ ကမ်းကိုရှာမတွေ့ခင်
မုန်တိုင်းကရှေ့မှာထန်နေဆဲ။ ။
ငြိမ်းချမ်းအောင်
၁၇ နိုဝင်ဘာ ၂၀၀၇
17 November, 2007
ညီမလေးရဲ့ဆောင်းရာသီ
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
1 comment:
ကဗျာလေးက ရင်ထဲကိုထိသွားတယ်
အစ်ကိုရေ
တစ်ခါတစ်ခါကျရင် ဘက်လိုက်နေတဲ့ အမှန်တရားကို စိတ်နာတယ်
Post a Comment