28 November, 2007

ရွှေဝါရောင်ကောင်းကင်သစ်နဲ့ တော်လှန်တဲ့မြစ်

ဒေါနကသီချင်းသံကို ကြားတဲ့အခါ
ကစ္စပ္ပနဒီရဲ့ဂီတကို ခံစားမိတဲ့အခါ
သံလွင်ဟာ အလှပဆုံးကလိမ့်မယ်..

ဧရာဝတီ.. ချင်းတွင်း
စစ်တောင်း.. သံလွင်
မြစ်အစင်းပေါင်းများစွာ
ရိုးမတောအထပ်ထပ်
ရှုမငြီးနိုင်တဲ့ အလှတရားတွေနဲ့
ငါတို့ချစ်တဲ့နိုင်ငံတော်..

အဲဒီ..
“အချစ်ကြောင့်ပဲ
သူပုန်ဖြစ်ခဲ့ရ” 1
ငါတို့နိုင်ငံတော်သမိုင်းမှာ
သူပုန်က တိုင်းပြည်ကိုချစ်တယ်
အုပ်ချုပ်သူအစိုးရက ကိုယ့်ကိုကိုယ်ချစ်တယ်
သူပုန်က အသေခံရဲတယ်
အုပ်စိုးသူလူတန်းစားက လေကန်ရဲတယ်..

“ငါ့ဘ၀မှာ
တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ” 2
သူပုန်သွေးဟာ
တိုက်ပွဲကြားမှာ
ရဲစွေးနီခဲ့..
မြို့ပေါ်သူပုန်ပဲဖြစ်ဖြစ်
တောထဲကသူပုန်ပဲဖြစ်ဖြစ်
သူပုန်ဟာ
နိုင်ငံတော်ကို အရူးအမူးချစ်တတ်သူ…

ပဒေသရာဇ်ခေတ်ကတည်းကတိုင်းပြည်ကိုချစ်ခဲ့ကြ..
ဆရာစံတို့တိုင်းပြည်ကိုချစ်ခဲ့ကြ..
ကိုအောင်ဆန်းတို့တိုင်းပြည်ကိုချစ်ခဲ့ကြ..
၆၂-၈၈--၂၀၀၇ တိုင်းပြည်ကိုချစ်ခဲ့ကြ..
တိုင်းပြည်ကိုချစ်နေကြ..
သမိုင်းကသွေးမတိတ်သေးဘူးး..

သောင်းရင်းသံလွင်ချစ်တင်းနှောတဲ့
မာနယ်ပုလော တောင်တကြောမှာ
ရွှေရောင်အိပ်မက်တွေ
လှပစွာဖူးပွင့်..
ထီးပါးဝီးကျိုး
နော်တ
ခုခံစစ်ပွဲများ…
သမိုင်းကသွေးမတိတ်သေးဘူး..

အတက်နဲ့အကျ
အလှနဲ့အကျည်းတန်မူဆိုတာလည်း
သင်္ခါရတရားပါပဲ..
သမိုင်းခေတ်အဆက်ဆက်မှာ
မင်းသားတွေရှိသလို
လူကြမ်းတွေလည်းရှိတယ်
မင်းသားကဖြောင့်မှန်တယ်
လူကြမ်းကဖောက်ပြန်တယ်
မင်းသားက
ခေတ်အဆက်ဆက်
ရှင်သန်တယ်
လူကြမ်းက
ခေတ်အဆက်ဆက်
ကျဆုံးရတယ်..

ရှည်လျှားလွန်းတဲ့ ဒီဇာတ်လမ်းမှာ
ဇာတ်လိုက်တွေပြောင်းသွားတယ်
ဇာတ်ဝင်ခန်းတွေပြောင်းသွားတယ်
မိစ္ဆာကတော့
အမွေးအမျှဉ်တွေပိုရှည်လာ
အလိမ်အညာတွေပိုရှည်လာ
မာယာတွေပိုရှည်လာခဲ့..

လူ့အခွင့်အရေးအကြောင်းဆွေးနွေးမိရင်
ထောင်ဆယ်နှစ်
နိုင်ငံရေးလုပ်မိရင် တသက်တကျွန်း
အန်အယ်ဒီပါတီ ၀င်မိရင်
ဘ၀ပျက်
စီးပွားပျက်
ခေတ်ပျက်ကြီးထဲ
ငါတို့လူဖြစ်လာခဲ့ကြရ..

မွေးကတည်းက
ဆင်းရဲမွဲတေမှု
ငတ်မွတ်ခေါင်းပါးမှု
ဆာလောင်မှုတွေနဲ့
ယဉ်ပါးခဲ့ကြ..
မပြည့်စုံခြင်းဆိုတာ
ငါတို့နေ့စဉ် အလွတ်ကျက်ခဲ့ရတဲ့
ပြဌာန်းစာအုပ်တွေဖြစ်ခဲ့ရပေါ့..

ဆင်းရဲလွန်းတဲ့ဘဝ
လမ်းပေါ်မှာ ပေါက်ကွဲမိပါတယ်
အရိုက်အနှက်ခံရ
အကြမ်းဖက်ခံရ
အပစ်သတ်ခံရ
ငါတို့ပါးစပ်ကလေးတချက်ဟလိုက်ဖို့
ဆယ်စုနှစ်တွေ ခဏခဏဆွံ့အပေးခဲ့ရ
ငါတို့ လက်သီးလက်မောင်း တန်းလိုက်ဖို့
အလောင်းချင်းထပ်ပေးဆပ်ခဲ့ကြရ
သမိုင်းကသွေးမတိတ်သေးဘူး

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
အသက်စွန့်သွားသူတွေ
ဘ၀ပျက်သွားသူတွေ
ပျောက်ဆုံးနေသူတွေ
ရှောင်ပုန်းနေသူတွေ
ထောင်ကျနေသူတွေ
အဝေးရောက်နေသူတွေ
မိဘပျောက်သားသမီးတွေ
သားသမီးပျောက်မိဘတွေ
တောက်ခေါက်သံတွေ
ကမ္ဘာမကြေသီချင်းသံတွေရှိတယ်..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
မြို့တော်ဟာ
သွေးကွက်တွေနဲ့စေးထန်းနေတဲ့
ကတ္တရာလမ်းမတွေကို
ထမ်းပိုးထားရ..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
ဒေါနဟာ
အပျိုရည်ပျက်ခဲ့ရတဲ့
သင်တိုင်းဖြူလေးတွေကြောင့်
အရှက်တရားကိုလွယ်ပိုးထားခဲ့ရ..

ဒီနွေဦးခြောက်ဆယ်သမိုင်းမှာ
သောင်းရင်းဟာ
သပိတ်မသွတ်ရသေးတဲ့
အညတရရဲဘော်လေးတွေရဲ့
ဝိညာဉ်တွေကြောင့်
ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့ရ..

ထာဝရရှင်သန်နေတဲ့တော်လှန်ရေးဟာ
သမိုင်းရဲ့ ထုတ်ကုန်ဖြစ်ပြီး
ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့
ပျက်စီးသွားတဲ့ဘ၀တွေဟာ
သမိုင်းရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်လာခဲ့ရ..

ဒီလိုနဲ့
ဘေးထိုင်ဘုပြောနေသူတွေ
လက်နက်တပ်ဆင်ဖို့ ကြိုးစားနေသူတွေ
သွေးပျက်သွားသူတွေ
ဘာသိဘာသာနေတတ်သူတွေ
ဘက်ပြောင်းသွားသူတွေ
စုတ်တသပ်သပ်နဲ့ စာနာတတ်သူတွေ
မင်းသားတွေ..
လူကြမ်းတွေနဲ့..
တော်လှန်ရေးဟာ ခရီးဆက်ခဲ့
ခရီးဆက်ဆဲ..

လူသားတို့ရဲ့ တော်လှန်ရေး
လူသားဆန်လွန်းပေရဲ့..

ညစာထမင်းဝိုင်းမှာတော့
ထီးကပလယ်မှာ
ငါနောက်ဆုံး ဆုံခဲ့ရတဲ့
ကေအန်အယ်လ်အေ ရဲဘော်တွေရဲ့
လောက်ကောင်ရောတဲ့
အပေါစားငါးပိနဲ့ ထမင်းဝိုင်း
မြင်ယောင်လာလို့
ရေနွေးကြမ်းနဲ့မျှောချလိုက်ရတော့တယ်..

ဒီလိုပဲ
တော်လှန်ရေးဟာ
ခါးသက်မှု အလုံးစုံကိုလွယ်ပိုးရင်း
ခရီးဆက်ခဲ့ပြန်ပြီ။ ။

(ရွှေဝါရောင်တော်လှန်ရေး (၂) လပြည့်အမှတ်တရ)

ငြိမ်းချမ်းအောင်
၂၈ နိုဝင်ဘာ ၂၀၀၇

1. နိုင်ဝင်းဆွေ၊ ငွေ ရွှေ ရတု၊ ရေဆန်လမ်းသို့အပြန်
2. ကိုကိုးကျွန်း (၅၃) ရက်ကြာအစာငတ်ခံတိုက်ပွဲများအတွင်း ကျဆုံးသွားသော ရဲဘော်မောင်မောင်စိုး၏ တိုက်ပွဲခေါ်သံ၊ ကားမာက်စ်၏ အထ္တုပ္ပတ္တိထဲမှစာသား

5 comments:

Saung Yune La (aka) Way said...

ကဗျာကိုဖတ်ကြည့်ရင်းနဲ့ကဗျာဆရာရဲ.ခံစားချက်အပြည့်အဝကိုမြင်သိခံစားကြည့်လို့ရပါတယ်ကဗျာဆရာရေ….

chaos said...

မွေးကတည်းက
ဆင်းရဲမွဲတေမှု
ငတ်မွတ်ခေါင်းပါးမှု
ဆာလောင်မှုတွေနဲ့
ယဉ်ပါးခဲ့ကြရ..
မပြည့်စုံခြင်းဆိုတာ
ငါတို့ နေ့စဉ် အလွတ်ကျက်ခဲ့ရတဲ့
ပြဌာန်းစာအုပ်တွေဖြစ်ခဲ့ရပေါ့..။

အဲ့အပိုဒ်လေး အရမ်းကြိုက်တယ်

Mintasay said...

မြို့ပေါ်သူပုန်ပဲဖြစ်ဖြစ်
တောထဲကသူပုန်ပဲဖြစ်ဖြစ်
သူပုန်ဟာ
နိုင်ငံတော်ကို အရူးအမူးချစ်တတ်သူ…

အဲဒီစာလုံးတွေကိုကြိုက်တယ်..အကို

Anonymous said...

ဆင်းရဲလွန်းတဲ့ဘဝ
လမ်းပေါ်မှာ ပေါက်ကွဲမိပါတယ်
အရိုက်အနှက်ခံရ
အကြမ်းဖက်ခံရ
အပစ်သတ်ခံရ
ငါတို့ပါးစပ်ကလေးတချက်ဟလိုက်ဖို့
ဆယ်စုနှစ်တွေ ခဏခဏဆွံ့အပေးခဲ့ရ..
ငါတို့ လက်သီးလက်မောင်း တန်းလိုက်ဖို့
အလောင်းချင်းထပ်ပေးဆပ်ခဲ့ကြရ..
သမိုင်းကသွေးမတိတ်သေးဘူး..



အဲ အပိုဒ်လေး အရမ်းကြိုက်တယ်
ကဗျာ ကောင်းလေးအတွက်ကျေးဇူးနော် အကို

မိုးချစ်သူ

Anonymous said...

what a great poem! so powerful and touching! it highlights our lives. carry on brother.

Lonama