01 November, 2007

Halloween Daydream

သရဲများ ပန်းပွင့်များနှင့် အိပ်မက်တို့ရဲ့အိမ်

ညီမလေးရည်မွန်မှသူကိုယ်တိုင် ဟော်လိုဝင် တစ္ဆေအခြောက်ခံရ အပြီးမှာ ကျနော့်ကို လာပူးလို့ ကျနော်လည်း ထွက်ပြေးလို့မရတော့ပဲ သရဲအခြောက်ခံလိုက်ရတယ်ဗျာ…။ ဒီတခါပဲ သရဲအခြောက်ခံ ဖူးပါတယ်.. အဟုတ်ပဲ။

ဒါပေမဲ့သရဲဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာတော့ ကျနော်မသိရ..။ ရုပ်ရှင်တွေထဲမှာပဲ သရဲကို တွေ့ဖူး ပြီး..အပြင်မှာ တစ်ခါမှ မမြင်ဖူးလို့ပါ။ ရုပ်ရှင်တွေထဲမှာလည်း သရဲဆိုတဲ့ ပုဂ္ဂိုလ်က တစ်ယောက်နဲ့ တစ်ယောက်မတူလေတော့… သရဲဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာ အတိအကျ ပြောဖို့တော့ခက် တယ်။

ငယ်ငယ်တုံးက သရဲကြောက်တယ်..။ အခုလဲကြောက်တာပါပဲ။ တစ်ချို့ အကြောင်းအရာတွေမှာ လူတွေရဲ့ စိတ်ဟာ သေသည်အထိ မပြောင်းလဲပဲ တည်ရှိနေတတ်တယ်..။ ဥပမာ တချို့လူတွေ ငယ်ငယ်ကတည်းက သရဲကြောက်တာ..ကြီးတဲ့အထိ…အသက်သေဆုံးချိန်အထိ ကြောက်တုံးပဲ။ တချို့ကတော့ “ငါသရဲ မကြောက် တတ်ဖူး” ဆိုပြီး သတ္တိပြချင်ကြတယ်..။ တကယ်တော့ သရဲမကြောက်တဲ့လူ မရှိလောက်ပါဘူး။ ပုံမှန်မဟုတ်တဲ့ ထူးဆန်းအံ့ဖွယ်ရာဖြစ်တဲ့ အရာဝတ္တုအားလုံးကို လူတွေက တို့ထိဖို့၊ တွေ့ကြုံရင်ဆိုင်လိုက်ဖို့ ကြောက်ကြပါတယ်။ ကျနော်ဖတ်ဖူးတဲ့ စိတ်ပညာစာအုပ် တစ်အုပ်ရှိပါတယ်။ နည်းနည်းတော့မေ့နေပြီ..။

အဲဒီစာအုပ်ထဲမှာ ရေးထားတာက လူတွေဟာ သိစိတ် (၁၀ ရာခိုင်နူန်း)၊ မသိစိတ်က (၉၀ ရာခိုင်နူန်း) နဲ့ ရှင်သန်နေကြတယ် လို့ဆိုပါတယ်။ ဆိုလိုတာက ကျနော်တို့တွေ ရှင်သန်နေကြတာဟာ မသိစိတ် အများစုနဲ့ ရှင်သန်နေထိုင် ကြတယ်..။ အတွင်းစိတ် (၀ါ) မသိစိတ်ကို ကျနော်တို့သေချာမသိနိုင်ကြဖူး။ အဲဒါကြောင့် တစ်ခါတစ်ခါ မသိစိတ် ကနေ အမှတ်တမဲ့ လုပ်လိုက်တာ..တုန့်ပြန်လိုက်တာ တွေဖြစ်တတ်ပါတယ်။ ကိုယ့်စိတ်ကို သေချာမသိနိုင်တော့ “သူရဲမကြောက်တတ်ဖူး” လို့ပြောရင် မှန်နိုင်မှာမဟုတ်ဘူးပေါ့။

သရဲအကြောင်းစဉ်းစားရင်း.. ကျနော်တစ်ခု သတိထားမိတယ်…။ လူသားသဘာဝနဲ့ ပတ်သက်လို့ပါ..။ “လူဆိုတာ လူပါပဲ” ဆိုတဲ့ အမြင်တစ်ခုကို ထုတ်နူတ်ချင်တာပါ။ ကျနော်တို့တွေဟာ အဆင်းရဲဆုံး ခေတ်နောက်အကျဆုံး နိုင်ငံကပါ…။ မိရိုးဖလာ ရှေးရိုးစွဲ စဉ်းစားတွေးခေါ်မူတွေကို ကျနော်တို့တွေဟာ သဘာဝပတ်ဝန်းကျင် အစဉ်အလာအရကို (သို့မဟုတ်) ကျနော်တို့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကကို လက်ခံယုံကြည်မူ ဖြစ်စေအောင် အားပေးပါတယ်။ ဗေဒင်ယုံတယ်၊ နတ်ယုံတယ်၊ တချို့ကသစ်ပင်ကို ကိုးကွယ်တယ်၊ တချို့က တောင်ပို့ကို ကိုးကွယ်တယ်၊ တချို့က တိရစ္ဆာန်တစ်ကောင်ကောင်ကို ကိုးကွယ်နေကြတဲ့ အစဉ်အလာဟာ ကျနော်တို့ မြန်မာ နိုင်ငံလူ့အဖွဲ့အစည်းမှာ ရှိနေတုံးပါပဲ။

အဲဒါကြောင့်သရဲ တကယ်ရှိတယ်ဆိုတဲ့ ယုံကြည်မူဟာအဆန်း မဟုတ်ပါ ဘူး။ ဒါပေမဲ့ ကမ္ဘာ့အဖွံ့ဖြိုး အတိုးတက်ဆုံး အမေရိကန် နိုင်ငံသားတွေကကော အဲသလိုမျိုး ရှေးရိုးစွဲ အစဉ်အလာ တွေကို မယုံကြည်ဖူးလားလို့မေးရင်တော့ အများစုဟာ ယုံကြည်ကြတယ် လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဗေဒင်ကိုယုံတယ်။ ရာဇ၀င်ထဲက သူရဲကောင်းတွေကို ကိုးကွယ်တယ်။ သရဲတွေရှိနေနိုင်တယ် ဆိုတာကိုလည်း အများစုက လက်ခံ ကြပါတယ်။ ဟောလိဝုဒ်ကရိုက်တဲ့ ကမ္ဘာကျော် The Ghost ရုပ်ရှင်ကား ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။

အင်္ဂလန်က ကျနော့်မိတ်ဆွေ ဇနီးမောင်နှံ (လူငယ်တွေပါ၊ အမျိုးသားက အခုဆိုရင် ပီအိတ်ဒီ ဒေါက်တာဘွဲ့ ရသွားပြီ၊ အမျိုးသမီးက မာစတာဘွဲ့ရထားတဲ့ အထက်တန်းပြ ကျောင်းဆရာမပါ) ကို မြန်မာပြည်က ဆရာစံဇာ နည်ဗိုလ်ရဲ့ နှစ်စဉ်ထုတ်တဲ့ ဗေဒင်စာအုပ်ကလေးတွေ သူတို့ ပူဆာလို့ ၀ယ်ပေးခဲ့ရဖူးပါတယ်။ အမေရိကားက ကျနော့်မိတ်ဆွေ လူငယ်အမျိုးသမီးတစ်ယောက်၊ အခုလက်ရှိ အလုပ်တဖက်နဲ့ ပီအိတ်ဒီ ဘွဲ့အတွက် လုပ်နေသူ ဟာလည်း သရဲကြောက်ပါတယ်။ တော်တော်ကို ကြောက်တတ်တာဖြစ်ပါတယ်။ ဆိုလိုချင်တာက နိုင်ငံခြားက ပညာတတ်လူငယ်တွေလည်း ရှေးရိုးစွဲအစဉ်အလာ၊ ယုံကြည်မူတွေကို လွယ်လွယ်နဲ့ ဖျောက်ဖျက်လိုက်တာ မတွေ့ရဘူး ဆိုတာကိုပြောချင်တာပါ။

ကျနော့်အမြင်ကတော့ သရဲတွေရှိရင်ကောင်းတယ်..။ ရင်ခုန်စိတ်လူပ်ရှား ဖွယ်ရာလို့ ကျနော်ထင်တယ်..။ သူတို့ ကိုကြောက်လည်း ကြောက်တယ်..။ မသိစိတ်ကနေပြီး တမ်းတနေတတ်ပြန်တယ်လို့ ကျနော်ထင်တယ်…။ ကျနော့်အဆိုကို သဘောမတူနိုင်ဘူး ဆိုရင်လည်းရပါတယ်။ ကလေးတွေရဲ့ ငယ်ဘ၀ကို အိပ်ရာဝင် သရဲပုံပြင် တွေက ဖမ်းစားနိုင်တယ်…။ ကြောက်ပေမဲ့ မသိစိတ်က နားထောင်ချင်တယ်…။ ဒါဟာ ပျော်စရာကောင်းတဲ့ လှည့်စားမူတစ်ခုပဲ…။

တစ်ခါမှမမြင်ဖူးတဲ့ သရဲကို ကလေးတွေ စိတ်ထဲကနေ အမျိုးမျိုးပုံဖော် ကြည့်ကြတယ်။ ညမှောင်မှောင် အိမ်ထဲမှာ တစ်ယောက်တည်း မနေရဲဘူး။ သရဲရှိနေတယ်လို့ ထင်နေကြတယ်..။ သစ်ပင်ကြီးတွေအောက်…၊ မှောင်မိုက်တဲ့ အဆောက်အအုံ အဟောင်းတွေ၊ ဇရပ်တွေနားကို ညအခါ မသွားရဲကြဖူး..။ ဒါဟာလှပတဲ့ ဂိမ်းတစ်ခုပဲ..။ သဘာဝလောကကြီးထဲမှာ လူသားတွေရဲ့ မသိစိတ်စေစားရာမှာ “သရဲ” တွေဟာ တစ်ဒေါင့်တစ်နေရာကနေ ပါဝင်နေကြတယ်…။

ဒီဂိမ်းဟာဘယ်တော့ အဆုံးသတ်သွားမှာလဲ…။ လူသားတွေရှိနေသရွှေ့ရှိနေမှာလား ဆိုတာတော့ ဘယ်သူမှ အတိအကျ ဖြေဆိုနိုင်မယ် မထင်ဘူး…။

မှတ်ချက်။ ။ သရဲအခြောက်မခံရ ဖူးတော့ ကျနော့်မှာ ကိုယ်ပိုင် သရဲပုံပြင်မရှိပါ။ ညီမလေးရီမွန် စိတ်ချမ်း သာအောင် အလုပ်မအားတဲ့ ကြားကပဲ ကျိုးကျိုးစားစား အမြန်ဆုံး ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ ဒီလောက် ဆို ရီမွန်ကျေနပ်မယ် ထင်ပါရဲ့။ ကျနော်တော့ သရဲအခြောက်ခံ ပြီးသွားပြီ။ သရဲကို ဒီအတိုင်း ပြန်လွှတ်လိုက် လို့တော့ မဖြစ်သေးဘူး။ ကျနော်နဲ့မိတ်ဆွေ ဖြစ်သွားခဲ့တဲ့ မိတ်ဆွေသရဲကို ဘလက်လေဘယ် အ၀တိုက်ပြီး ဘလော်ဂါ မမေဓါဝီကို တစ်လှည့်သွားခြောက်ဖို့ ချွန်တွန်း လုပ်လိုက် ကြောင်းပါ…။

1 comment:

This is about... said...

အစ်ကိုကြီးရေ ခုလိုရေးပေးတာကျေးဇူးပဲ။ အရမ်းဖတ်လို.ကောင်းတယ်။ ဗဟုသုတလဲရတယ်။