ကဗျာအသစ်တွေမရေးနိုင်သေးလို့ ဟို.. အရင် ၉၀-၉၅ လောက်က ရေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေး တချို့ကိုပဲ (ကျနော်ယခုအချိန်မှာ သိပ်မကြိုက်တော့ပေမဲ့) ယခင်ကရေးထားတဲ့ လက်ရာအတိုင်း မျက်နှာငယ်စွာ ပြန်တင်လိုက်ပါတယ်..။ အသစ်ကလေးတွေလည်း ထပ်ရေးဖို့ အားယူနေပါတယ်..။
ကဗျာ (၁)
“အမေများသို့….”
(၁)
ကျနော်
အမေ့ကို
ထားခဲ့တာ
အဲဒီနွေဦးမှာပါ..
သစ်ရွက်ဝါတွေ
မျက်နှာမွဲ
လမ်းမပေါ်မှာ
လွင့်ကျ..
မျက်နှာမွဲဘ၀များစွာနဲ့
တွန့်လိမ်နေတဲ့
နိုင်ငံတော်ဟာ
အဝေးမှာ
တစပြင်တခုလို
ကျန်ရစ်ခဲ့..
အမေ
ကျနော့်ကိုမတားခဲ့ဘူး
အမေ့မျက်လုံးတွေ
ကြေကွဲရီဝေနေ
အမေမျက်ရည်မကျဘူး
အမေ့နူတ်ခမ်းတွေ
တဆတ်ဆတ်တုန်ရီနေ..
အမေ
ကျေးတောသူ
လယ်သူမ
ဘ၀မှာရိုးသားစွာနေထိုင်
မြို့ပြရင်ခုန်သံသူမသိ
သူသိတာ ဘာသာရေး
မြို့ပြနဲ့အနေဝေးသူ
အမေသားကိုဖြစ်စေချင်
ဘွဲ့ရပညာတတ်
လယ်တောကိုချစ်တတ်သူ..
ကြာခဲ့ပြီအမေ
နွေဦးတွေ
အလီလီပြောင်းခဲ့ပြီ..
အမေ့ခြံထဲက
ပန်းပေါင်းစုံရနံ့
မနက်ခင်း
အမေ့ဝတ်တက်ကျေးစည်သံနဲ့အတူ
နိုးထလာတဲ့ ငှက်ကလေးတွေမြည်ကြွေးသံ
တိမ်တွေရဲ့အရောင်
ပန်းတွေရဲ့ရနံ့
အားလုံးကို သတိရတယ်..
သွေးကြောတွေထဲမှာ
သွေးတွေမှန်မှန်လည်ပတ်အောင်ကြိုးစားရင်း
နာရီတွေပေါ်က
ခဏခဏလိမ့်ကျခဲ့ရတဲ့ကျနော်
တခါတခါ
ကံကြမ္မာရဲ့ မျက်နှာလိုက်မူတွေနဲ့ရန်ဖြစ်ရင်း
အမေ့ကိုမေ့ထားခဲ့..
တခါတခါ
ညဥ့်လယ်အိပ်မက်တွေမှာ
လန့်လန့်အော်မိ
“အမေရေ…”
အမေ့ရင်မှာခေါင်းတိုးဝင်ရင်း
အားပါးတရ
အော်ပါရစေ.. အမေ..
လောကကြီးက
သားရဲတွေပေါတဲ့
တောကြီးပါ အမေ
အဲသမှာ
မြေခွေးတွေလည်းရှိတယ်
ယုန်သူငယ်တွေလည်းရှိတယ်
သားအကြိမ်ကြိမ်လဲကျ
ဒဏ်ရာရခဲ့တယ်
ရူံးနိမ့်ခါနီးတိုင်း
အမေ့အပြုံးက
သားရင်မှာရောက်လာတယ်
သားအင်အားတွေရရှိ
ကျေးဇူးပါအမေ..
၂။
ပြတင်းပေါက်က
ဖြတ်ဝင်လာတဲ့
လေထဲမှာ
ပေါက်လဲပန်းနံ့တွေပါလာတယ်
အပြင်ဘက်မှာ
စွန့်ခွာသွားတဲ့
ဆောင်းရဲ့နှင်းတွေ
ဝေေ၀၀ါးဝါး
ထနောင်းပင်ပေါ်က
ချိုးကူသံက
နွေဦး..နွေဦး.. တဲ့
အမေ
နွေဦးဟာ
အမြဲတမ်းနွေဦးဖြစ်တယ်..
အမေ့ရင်ခွင်ကို
သားတမ်းတမိတဲ့အချိန်မှာ
သားရင်မှာ ဒဏ်ရာတွေဗရပွနဲ့
ငယ်ဘ၀တွေ
ပြန်မရနိုင်တော့ဘူးအမေ..
ကမ္ဘာလောကမှာ
အမေတိုင်းဟာ
သားတွေကိုခွင့်လွှတ်ကြစမြဲလားအမေ
ဘယ်တော့မှမဟောင်းနိုင်တဲ့
အဖြူထည်မေတ္တာနဲ့
အမေသားကိုခွင့်လွှတ်ခဲ့ပြန်ပြီ..
ကွယ်ရာမှာကျိတ်ပြီးမငိုနဲ့အမေ
အမေ့မျက်ရည်စက်တွေမှာ
ဒေါသတွေမပါဘူး
နာကျည်းမူတွေမပါဘူး
အမေ့ရဲ့မျှော်လင့်ချက်တွေ
အိပ်မက်တွေ
ဖြစ်မလာနိုင်တော့တဲ့အတွက်
နှလုံးသားကထွက်တဲ့
သွေးစက်တွေနဲ့မငိုပါနဲ့ အမေ..
သိမ်မွေ့နက်ရိုင်းတဲ့
မေတ္တာတရားနဲ့
သားကိုဒဏ်ခတ်ခဲ့တာလားအမေရယ်..
အမေ
ကမ္ဘာလောကကြီးက
သစ်ရွက်တွေကို ဖန်ဆင်းပေးတယ်
ပြီးတော့ ခြွေချပြန်တယ်
ကမ္ဘာမြေက လက်မခံတော့တဲ့အခါ
သက်ရှိတွေရဲ့ဘ၀တွေ..
သင်္ခါရတရားတွေ..
အမေ..
နွေဦးဟာ အမြဲတမ်းနွေဦးဖြစ်တယ်..
ဖြူစင်တဲ့မေတ္တာတရားတွေ ရှိနေသ၍
အမေတွေရှိနေပါတယ်..
အဲဒီအမေဟာ ဘယ်တော့မှမသေဆုံးနိုင်တဲ့
ရင်ထဲက ထာဝရအမေဖြစ်ပါတယ်..။
ကဗျာ (၂)
“အလွမ်းနာ”
အချစ်ရေ
အဲသမှာ
ငါ..ဒဏ်ရာရခဲ့တာပါ
အချစ်ကမပြီးသေးဘူးလေ..
အဲဒီအချစ်က
ကဗျာတစ်ပုဒ်ဖြစ်တယ်
နွေဦးသစ်ရွက်တွေဖြစ်တယ်
ဆောင်းနှင်းပွင့်တွေလည်းဖြစ်တယ်..
အချစ်ရယ်
အဖြေလွဲခဲ့တာမဟုတ်ပါဘူး
ကြေကွဲခဲ့ရတာပါ
ပန်းတွေပွင့်ခဲ့တာမဟုတ်ပါဘူး
အလွမ်းတွေရင့်ခဲ့ရတာပါ..
ဘယ်လောက်များကြေကွဲစရာ ကောင်းလိုက်ပါသလဲ
နွေဦးသစ်ရွက်တွေက
အရူးအမူးကြွေကျ
အဝေးရောက် လမ်းကလေးမှာ
ခုံတန်းတွေမရှိဘူး
စံပယ်ပန်းတွေမရှိဘူး
ခရေတွေဝေမနေဘူး
စံပယ်တွေကြွေမနေဘူး
ဆည်းဆာတွေကြေကွဲနေတယ်
စင်ရော်တွေလေ၀ဲနေတယ်..
ချစ်သူရယ်
အဲသမှာ
ငါဒဏ်ရာရခဲ့တာပါ
ချစ်သူမျက်နှာက အ၀ါ
ပန်းပွင့်တွေက အ၀ါ
သစ်ရွက်တွေက အ၀ါ
နွေဦးညနေ အ၀ါ
ယောင်္ကျားတစ်ယောက်ရဲ့မာန
ကြွေကျခဲ့ရတာ အ၀ါ
အ၀ါရေ
ငါ မင်းကိုဂုဏ်ပြုပါရဲ့..
ကမ္ဘာပေါ်မှာ
မြစ်တွေဟာ
ဘယ်အချိန်အထိစီးဆင်းနေမှာလည်း
နွေဦးသစ်ရွက်တွေ
ဘယ်လောက်ကြာကြာ ပွင့်နေနိုင်မှာလည်း..
အဝေးရောက်ချစ်သူကို
မိန်းမတစ်ယောက်က
ဘယ်လောက်ကြာကြာစောင့်နေနိုင်မှာလဲ..
ပြီးပြီလေ
ညနေကလေးရေ
ဒဏ်ရာရသစ်ရွက်တွေ
မင်းရဲ့ရင်ခွင်ခုံတန်းလေးပေါ်မှာ
လမ်းဝါ၀ါလေးပေါ်မှာ
အရူးအမူးကြွေနေကြ..
ရင်မှာကျန်နေခဲ့တယ်
ဂန္တ၀င်မှည့်လေးတစ်လုံး
ဆံနွယ်ခက်ညိုညိုတွေ
ဗာလင်တိုင်းဒေးကဒ်လေးတွေ
ပန်းခြောက်များ
မျက်ရည်များ
အတ္တမဲ့ရင်ခုန်သံများ
ညနေများ..။
ကဗျာ (၃)
“သင်္ခါရ”
နုရာမှရင့်
စိမ်းရာမှဝါ
သစ်ရွက်တွေ
နွေလမှာကြွေတယ်
တချို့က
ယုယပိုက်ထွေး
သိမ်းထုပ်မြတ်နိုး
ရွက်ကြွေရဲ့ဘ၀ကိုသနားတယ်
တချို့ကတော့
ဖြတ်တိုက်နင်းလျှောက်
နွမ်းလောက်မှ
မြေနှင့်ပါးအပ်
သနားတတ်တယ်
ရွက်ကြွေတရွက်ရဲ့
မျက်ရည်တစက်ကို
သိလိုက်သူမရှိပေမဲ့
နွေရဲ့ငိုညည်း တေးသီခြင်းကို
ကြားလိုက်သူမရှိပေမဲ့
ငှက်ငယ်တစ်ကောင်ရဲ့ ဖော်မဲ့ခြင်းကို
မြင်လိုက်သူမရှိပေမဲ့
တမ်းခြင်းနဲ့
လွမ်းခြင်းဖွဲ့ရာသီမှာ
ကိုင်းခြောက်ပင်အို
ရိုးတံညိုမှာ
ရွက်နုပျိုတွေ
ဝေနေဆဲပါကွယ်..။
21 November, 2007
ကဗျာဟောင်းများ (၁)
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment