31 October, 2007

ယာဇ်ပူဇော်ပွဲ

(၁)

နှင်းစက်တွေနဲ့ မပြယ့်တပြယ်လမ်းကလေး
အဝေးမှာ ၀ိုးတ၀ါး ကွယ်လုကွယ်ခင်….

နွေဦးညနေခင်း တွယ်ရာမဲ့မိုးတိမ်
ပင်လယ်တို့ရဲ့စီးဆင်းရာမဲ့ခရီး
ရီရယ်လစ်စတစ်ဖြစ်တဲ့ ကိုယ်တိုင်ရေး အတ္တုပတ္တိ တစ်ပုဒ်
အိပ်မွေ့ချ ဒဏ္ဍာရီ တစ်စောင်….

ယူတိုပီယန် ဆန်လွန်းတဲ့ မျက်ဝန်းများ
ဂန္ဓာရီ အရိပ်တွေနဲ့
ကိုယ်ယစ်မူးစွာ ရင်ခုန် မျှော်လင့်…

အဝေးမှာ
ကြိုးကြာငှက်တို့ရဲ့ ရင်ခုန်သံ
မြက်ဖျားနှင်း တို့ရဲ့ ညီညွတ်မူ
အအိပ်မဲ့ လမ်းမတို့ရဲ့ ငံ့လင့်ချိန်….

ချစ်သူတို့ ကျန်ရစ်သူတို့ ကြေကွဲနေကြသူ တို့ရေ
ကျိုးပဲ့ကြေမွ ဘ၀များစွာအတွက်
ရှင်ကွဲ သေကွဲ ချစ်လျှက်နဲ့ ခွဲခွာကြရ သူတွေအတွက်
ကမ္တာမြေရဲ့ ချီးမြောက်မူနဲ့အတူ
မိစာအာဏာရူး စစ်ဘီလူးတွေကို
ယာဇ်ပူဇော်မဲ့နေ့ဟာ
ရောက်လို့လာခဲ့ပြီ….

(၂)

ကာလတွေနဲ့ ရင်းနှီးတည်ဆောက်
သွေးနဲ့ဖောက် ချွေးနဲ့ဖောက်
သစ္စာတရားနဲ့ဖောက်…

သေချာတဲ့ခရီး လွတ်မြောက်ရေး ဆိုတဲ့လမ်း
မဝေးတော့တဲ့ အချိန်တစ်ခုဆီ….

ရင်ခုန်ယုံကြည်ချက်တိုင်း
လူထုအတွက်
လွတ်မြောက်မူအတွက်
စိမ်းလန်းလှပ ငြိမ်းချမ်းရေးရမဲ့ ဘ၀များစွာ အတွက်….

ငါယုံကြည်တဲ့ လမ်းကလေး
ငါကိုယ်တိုင်ရဲ့ ခြေလှမ်းတွေနဲ့ သွားခဲ့….

ချစ်ခဲ့ ကြင်ခဲ့ မြတ်နိုးခဲ့ ရိုကျိုးခဲ့
ရိုးသားစွာ ယုံကြည်ခဲ့….

(၃)

အမာရွတ်ဗရပွ ကန္တာရဆူးတော
ဗွက်တော၊ ညွံတော၊ မစင်တော
တောအထပ်ထပ်၊ တောင်အထပ်ထပ်
ရိုင်းကြမ်းလွင်ပြင် ဆူးခင်းခရီး….

ရွှေပြည်ကြီးနီးပြီလား
ယုံကြည်ရင်းရှေ့ဆက်….ရှေ့ဆက်ရင်း ယုံကြည်….

အဝေးမှာ
သားပျောက်ရှာ အမယ်အိုရဲ့ ယူကြုံးမရ ပူဆွေးသံ
ဖခင်ပျောက်သားငယ်ရဲ့ ငိုကြွေးသံ
စားစရာမဲ့ ပြည်သူတွေရဲ့ တောက်ခေါက်သံ…..

အို
ကျိုးပဲ့ကြေမွ ဘ၀များစွာအတွက်
တောင်ပေါ်မှာ
မြေပြန့်မှာ….

ပြည်သူတို့ရေ
ခင်ဗျားတို့ရဲ့ ငိုကြွေးသံတွေကို
တိုက်ပွဲခေါ်သံ အဖြစ် ပြောင်းလဲ….

ခင်ဗျားတို့ရဲ့ ငတ်မွတ်မူကို
ရဲရင့်ခြင်း အသွင် ပြောင်းလဲ…

အားလုံးလက်တွဲပြီး….

လူ့အခွင့်အရေးကို ချစ်တဲ့
ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ
အရောက်လှမ်းကြ နိုင်ဖို့
ဟောဟိုမှာ
နွေဦးရဲ့ ခေါင်းလောင်းသံ ချိုချိုက ငံ့လင့်
နှင်းဆီဖြူ တပွင့်က ငံ့လင့်
အဖော်မဲ့ ငှက်ငယ် တစ်ကောင်က ငံ့လင့်….

ကဲ
ရဲဘော်တို့ရေ
ကြိုးတင်းနေတဲ့ ဆယ်စုနှစ်တွေ အတွက်
ကျနော်တို့ ဘ၀တွေကို
နှင်းဆီဖြူ တစ်ပွင့်လို
လှလှပပ ထုပ်ပိုး သိမ်းဆည်း နိုင်ဖို့အတွက်
ပြည်သူ့ အရေးတော်ပုံ တိုက်ပွဲဆီ
ချီတက်ကြ…
အရောက်လှမ်းကြ…
အရယူကြ…။


အောင်ရင်ငြိမ်းချမ်း

“၉၉၉၉” အထိမ်းအမှတ်အတွက် ၁၉၉၉ ခုနှစ် ဂျူလိုင်လမှာ ထုတ်ခဲ့တဲ့ “နိုင်ငံတော်ကိုရင်နှင့်ဖတ်ခြင်း” ကဗျာစာအုပ်ပါကဗျာ။ စာအုပ်ဖြစ်မြောက်ရေးအတွက် ကျနော်နဲ့ ကိုအိမ်ဒေါင်းနီနဲ့ စီစဉ်ခဲ့။

No comments: