ရာသီပြသစ်ပင်တွေက
အစိမ်းရောင်နဲ့ အ၀ါရောင်အရွက်တွေကို
တလှည့်စီပန်ဆင်ရင်းနဲ့။
အဝေးကနားလေးနေတဲ့ ကမ္ဘာမြေက
သူ့ရင်ဝတည့်တည့်ကိုပစ်ခွင်းလာမဲ့
မြှားတစ်စင်းကိုငံ့လင်းရင်းနဲ့။
အလိုမကျမူများစွာနဲ့
၂၁-ရာစုသစ်ကတော့
ရောက်လို့လာခဲ့ပြီ။
ရာစုသစ်စာသင်ခန်းထဲမှာတော့
တချို့ကလေးတွေ
ကွန်ပြူတာစီဒီယွမ်းတွေကိုယ်စီနဲ့
“ကမ္ဘာ့မြေပေါ်မှာ မရှိသေးတဲ့
ဒေသတွေအကြောင်း ဆွေးနွေးနေကြ”။
တချို့ကလေးတွေကတော့
ပင့်ကူတက်နေတဲ့ ယိုင်နဲ့နဲ့စာသင်ခန်းလေးထဲမှာ
နှစ်ယောက်ကိုတစ်အုပ်ကျကိုင်ရတဲ့
ပုံနှိပ်စာအုပ်ကိုကိုင်လို့
“မိုးခေါင်လို့စပါးမစိုက်ရတဲ့အကြောင်း
ငြင်းခုန်နေကြ”။
၂၀-ရာစုထဲမှာတော့
ကမ္ဘာမြေက
နာတာရှည်ရောဂါတွေ တခုပြီး တခုဖြစ်ခဲ့
“စစ်ပွဲ၊ အကြမ်းဖက်မူ၊ အသေခံဗုံးခွဲသမားများ…”
“ဆင်းရဲမွဲတေမူ၊ ဒုက္ခသည်၊ ရွှေ့ပြောင်းအလုပ်သမားများ…”
ဒီလိုနဲ့ ကမ္ဘာမြေဟာ ပိုမိုပူနွေးလာခဲ့ရ။
အိပ်မက်များစွာထဲကနိုးထ
ရာစုသစ်လမ်းမအစမှာတော့
အိပ်ပျက်နေကြသူတွေ၊
နလန်ထ လူမမာတစ်ယောက်လို
ချိနဲ့ဆာလောင်နေသူတွေ၊
ကမ္ဘာ့မြေပုံကိုခေါက်ချိုးချိုး
ပိုင်စိုးဖို့ကြိုးစားနေသူတွေ၊
နံ့သာလူးထားတဲ့မျက်နှာလှနဲ့
ညနေ၀တ်ပွဲသွားနေကြသူတွေ။
ကမ္ဘာမြေကတော့
မြွေအရေခွံလဲသလို သူ့အရေခွံလဲဖို့ကြိုးစားခဲ့။
ညနေပိုင်းမှာတော့
ဝတ်ကျောင်းအိုလေးထဲကနေ
ရူးသွပ်စွာညည်းတွားသံ
ပေါ်ထွက်လာခဲ့။
“မန်ဒဲလားနဲ့
အောင်ဆန်းစုကြည်ဟာ
နိုင်ငံရေးသမားလား
လွတ်မြောက်ရေး တရားလား…”
“အောင်ဆန်းစုကြည်ကို သနားတယ်
နိုင်ငံရေးဆိုတာကြီးကို နာကျည်းတယ်” တဲ့
တစုံတယောက်ကပြောတယ်။
စနစ်ကြောင့်ဖြစ်သွားတာလား
ခေတ်ကြောင့်ဖြစ်သွားတာလား
လူ့ယဉ်ကျေးတို့နဲ့တည်ဆောက်မဲ့ကမ္ဘာမြေအတွက်
စနစ်တွေမရှိတဲ့စနစ်ကိုရှာဖွေတည်ဆောက်ကြ
တစ်စုံတစ်ယောက်ကပြောတယ်
အဲဒီလူ ကျနော်ကိုယ်တိုင်လည်းဖြစ်နိုင်တယ်။
ကိုယ်သိပ်ချစ်ရသော ကမ္ဘာမြေရေ…
မင်းရဲ့ မပြီးဆုံးသေးသော
ဒဏ်ရာရ ကျောကုန်းပေါ်မှာ
အရိုင်းဆန်တဲ့အလှများ အကြိမ်တစ်ရာပွင့်ခဲ့
ရမ္မက်ခိုးဝေသော မျက်လုံးများ
များသထက်များလာခဲ့။
ပြီးတော့
လွတ်မြောက်ရေးတိုက်ပွဲများ…
အကြမ်းဖက်မူများ…
အစွန်းရောက်စစ်သွေးကြွများ…
ဆာလောင်ငတ်မွတ်နေတဲ့ ကလေးငယ်များ…
ဒါတွေဟာ
မင်းရဲ့ အလှတရားလား...သဘ၀ကမ္ပလား။
ဒီလိုနဲ့ပဲ
ရာစုသစ်တစ်ခုကို
ငါတို့ ဖြတ်သန်းကြရဦးတော့မယ်။
ငြိမ်းချမ်းအောင်
နိုဝင်ဘာ၊ ၂၀၀၀။
လွတ်လပ်သောကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ) ၏ ရာစုသစ်ကိုကြိုဆိုခြင်း အမှတ်တရ အတွက် ထုတ်ဝေဖြန့်ချိသော “သက္ကရာဇ်ပန်းပွင့်များ” ကဗျာစုစည်းမူ ကဗျာစာအုပ်၊ မြန်မာကဗျာဆရာ၊ ဆရာမများ။
ယနေ့ (၈နိုဝင်ဘာ၂၀၀၇) တွင် အနည်းငယ်ပြန်ပြင်ထားပါသည်။
08 November, 2007
ရာစုသစ်မိုးကောင်းကင်အောက်က အရိုင်းဆန်တဲ့အလှများ
Labels:
My poem
Subscribe to:
Post Comments (Atom)
1 comment:
အရိုင်းဆန်တဲ့အလှဟာ
ရာစုနှစ်သစ်ပွဲတော်မှာ
လူယဉ်ကျေးတို့ရဲ့ ၀ိုင်နီတစ်ခွက်နဲ့မြည်းဖို့
စကားစမြည်ကောင်းကောင်းတစ်ခုဖြစ်နိုင်ပေမယ့်
အလှ ကိုယ်တိုင်အတွက်တော့
မချိတရိ အပြုံးရိုင်းကလေးနဲ့ရယ်
Post a Comment