06 October, 2007

သန်းရွှေကံကောင်းနိုင်ပါစေ

ဗိုလ်သန်းရွှေက သူတောင်းဆိုတဲ့အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်က လိုက်လျော မယ်ဆိုရင် တွေ့ဆုံမယ်လို့ (၄) ရက်နေ့စစ်အစိုးရပိုင် မြန်မာတီဗွီမှာထုတ်လွှင့်ပြသခဲ့ပါတယ်။ ဘာကြောင့်ဒီလိုပြောခဲ့ရတာလဲ။ တစ်ဖက်ကကြည့်ရင် သူတောင်းဆိုတဲ့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုက်လျောဖို့ခက်တဲ့ အချက်တွေဆိုတာ တွေ့နိုင်ပေမဲ့၊ သန်းရွှေဟာဂမ်ဘာရီနဲ့ တွေ့စဉ်မှာ အဲဒီအချက်တွေကို ပြောခဲ့ရတာဖြစ်ပြီး၊ ဂမ်ဘာရီ မြန်မာပြည်ကထွက်ခွာအသွားမှာပဲ သူပိုင်တီဗွီကနေ အဲသလိုဖွင့်ပြောလိုက်တာဖြစ်ပါတယ်။ ဒါတွေကိုကြည့်ရင် သန်းရွှေနိုင်ငံရေးအရ အကြပ်အတည်းတွေ့နေတယ်ဆိုတာ ထင်ရှားပါ တယ်။ နိုင်ငံရေးဘက်တစ်တည်းသာမကပဲ ဘက်ပေါင်းစုံ အကြပ်အတည်းတွေရှိ နေတာဖြစ်ဖို့များပါတယ်။ ဥပမာ၊ နအဖအတွင်း၊ ပြည်တွင်း၊ ပြည်ပ၊ ယိမ်းယိုင်နေတဲ့ စည်းပွား ရေး၊ အထွေထွေကုန်ဈေးနူန်းကြီးမြင့်လာမူ စတာတွေဖြစ်နိုင်ပါတယ်။

အသေချာဆုံး အချက် ကတော့ ဂမ်ဘာရီကသန်းရွှေနဲ့တွေ့ဆုံစဉ်က တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့နဲ့ စစ်တပ်က လုပ်နေ တဲ့ လမ်းပြမြေပုံဆိုတာကိုလည်း ဘယ်သူကမှလက်မခံဘူးဆိုတာကို ပွင့်ပွင့်လင်းလင့်ပြောပြီး၊ “ဖိအား” ပေးခဲ့ပုံရပါတယ်။ မနေ့ကဂမ်ဘာရီ နယူးယောက်မှာလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြန်လည်အစီရင်ခံရာမှာလည်း၊ တော်တော်ကို ပြည့်စုံမူရှိပါတယ်။ ဂမ်ဘာရီက သံဃာခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဆန္ဒပြပွဲတွင်ပါဝင်သူပြည်သူများနှင့်ပါ တွေ့ခွင့်ရဖို့ စစ်အစိုးရကို တောင်းဆိုပါသေးတယ်လို့ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ဂမ်ဘာရီကဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရကတော့ ဂမ်ဘာရီတွေ့ခွင့်တောင်းသူတွေနဲ့ တွေ့ခွင့်မပေးဘဲ၊ သူတို့တွေ့ပေး ချင်တဲ့သူတွေနဲ့ပဲ တွေ့ပေး ခဲ့ရာမှာ၊ ရှမ်းပြည်နယ်မှ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တချို့၊ ရုပ်ရှင်အနုပညာအစည်းအရုံး ဆိုတာမျိုးတွေ ပါဝင်ပါတယ်။

မြန်မာပြည်ခရီးစဉ်နဲ့ပသ်သက်လို့ ဂမ်ဘာရီနဲ့ ကုလအထွေထွေအတွင်းရေးမူးချုပ် ဘမ်ကီမွန်း တို့ကျေနပ်ပုံမရပါဘူး။ မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်း နှိမ်နင်းခဲ့တယ်လို့ မစ္စတ္တာဂမ်ဘာရီက မနေ့ကလုံခြုံရေးကောင်စီ ကြားနာပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။ မနေ့ညကမြန်မာတီဗွီတွေမှာ (မြန်မာလို၊ အင်္ဂလိပ်လို) သန်းရွှေ၊ မောင်အေး၊ သိန်းစိန်တို့ဂမ်ဘာရီနဲ့တွေ့ဆုံခဲ့ပုံ၊ ဂမ်ဘာရီနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့ပုံတွေကိုပြသခဲ့ပါတယ်။

ဒါပေမဲ့တပ်မတော်အစိုးရက တိုင်းပြည်ကိုဘယ်လောက်အထိ စေတနာထားကြောင်း၊ ၈၈-ခုနှစ် ကစပြီးဒီကနေ့အထိ တိုင်းပြည်ဟာ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ စတာတွေ ပြောပြီး၊ အမျိုးသားညီလာခံကြီးကို ဘယ်လိုလုပ်ခဲ့ပုံ၊ မကြာခင်ပေါ်လာမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာတိုင်းရင်းသားတွေ အခွင့်အရေးကို ဘယ်လောက်အထိ အာမခံမှာဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံနဲ့ ဘယ်လိုကွာကြောင်း စတာတွေကို ရွှန်းရွှန်းဝေအောင် ပြောကြားခဲ့ပြီး၊ တပ်မတော်အစိုးရအနေနဲ့ လမ်းပြမြေပုံ (၇)ချက်အတိုင်းပဲ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ဆက်လက်ချီတက်မှာဖြစ်ကြောင်း စတာတွေကိုပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့လည်း တော်တော်ကို ချီးမွမ်းမြှောက်ပင့်ထားတာကို တွေ့ရ ပါတယ်။

လူထုလူပ်ရှားမူ အမြင့်တက်ဆုံးအချိန်မှာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ဒီကေဗီအေ တပ်တွေကို ရန်ကုန်ကိုခေါ်ယူသုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းတွေလည်းထွက်ခဲ့ပါတယ်။ ဗမာ တွေက တော်လှန်ရင် တိုင်းရင်းသားနဲ့ပေါင်း၊ တိုင်းရင်းသားတွေနဲ့အဆင်မပြေရင် ပြည်မမှာ တိုင်းရင်းသားတွေမကောင်းကြောင်းဝါ ဒတွေဖြန့်စစ်သားတွေစုဆောင်းနဲ့ စစ်အစိုးရဟာ တသက်လုံးယုတ်မာခဲ့ပါတယ်။ ခင်ညွန့်အာဏာရှိတုံးက ဗမာတွေမြို့ပေါ်မှာ အစိုးရကို တော်လှန်ရင် ခင်ဗျားတို့နဲ့ပေါင်းပြီး တိုက်ကြတာပေါ့လို့ အပစ်ရပ်အဖွဲ့တချို့က တိုင်းရင်းသား ခေါင်းဆောင် တချို့ကို ပြောခဲ့ဖူးတယ်လို့ဆိုပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည်ဖက်က လိုက်လျောရင် သန်းရွှေက တွေ့ဆုံဆွေးနွေးမယ် ဆိုတာက သန်းရွှေအနေနဲ့ ကလိမ်ကကျစ်ညာဏ်နဲ့ လုပ်နေကျအတိုင်း လှည့်ဖျားဖို့ ကျိုးစားခဲ့တာသာဖြစ်ပါတယ်။ တဖက်ကလည်း ဂမ်ဘာရီအနေနဲ့ သန်းရွှေရဲ့ အလိမ် အညာတွေကို မယုံကြည်တော့ပဲ စစ်အစိုးရအနေနဲ့ လုပ်ရမှာကဘာတွေဖြစ်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောကြားခဲ့ပုံရပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီကနေ ပြင်းထန်တဲ့ အရေးယူမူမျိုးတွေ လုပ်လာမှာစိုးတဲ့ သန်းရွှေဟာ အရေးပေါ်ကိုပဲ ဒေါ်စုနဲ့တွေ့ပါမယ်လို့ လိမ်ဖို့ကျိုးစားခဲ့ခြင်းသာဖြစ်ပါတယ်။

သန်းရွှေအနေနဲ့တရုတ်ကိုလည်း အသေယုံမထားရဲပါဖူး၊ အနောက်နိုင်ငံတွေက လုံခြုံရေးကောင်စီမှာ မြန်မာပြည်အရေးကို သက်သေအထောက် အထားနဲ့ ပြင်းထန်စွာ ကိုင်တွယ်လာခဲ့ရင် တရုတ်ကလည်း စစ်အစိုးရဖက်က အပြတ်ထောက် ခံဖို့ ခက်လာနိုင်တယ်ဆိုတာ သန်းရွှေသိပါတယ်။ မဟုတ်တာ လုပ်ထားတဲ့လူက ပိုပြီး ကြောက်တတ်ပါတယ်။ ငါ့ကိုဘယ်သူ ဘာလုပ်မလဲဆိုတာ အမြဲတမ်းတွေးကြောက်နေမှာပါ။ ဒါ့အပြင် စစ်အေးခေတ်နောက်ပိုင်း ဒီကနေ့ကမ္ဘာ့ပုံစံသစ်ကလည်း ပုံသေနည်းနဲ့ အတိအကျ တွက်ဖို့ခက်ပါတယ်။ တရုတ်၊ ရုရှအုပ်စုနဲ့ အနောက်အုပ်စုနိုင်ငံတွေ ဒီနှစ်ပိုင်းတွေမှာ တင်းမာမူတွေပိုများလာပါတယ်။

စစ်ရေးအရ မသိမသာအားပြိုင်ခြိမ်းခြောက်မူတွေတောင် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်ထဲမှာ ရုရှက မြန်မာ့အရေးကိုအားလုံးဝိုင်းဝန်းပြီးတော့ပဲ ဆောင်ရွက်ကြရန်လိုပါတယ်လို့ ဟန့်သလိုလိုနဲ့ ပြောခဲ့ပါသေးတယ်။ ဆူဒန်ကိစ္စတုံးကလည်း တရုတ်ကြောင့် လူပေါင်းများစွာ သေကြေခဲ့ရတဲ့သာဓကရှိပါတယ်။ အမေရိကန် သမတ္တဂျော့ဒဗလျူဘွတ်က ဆူဒန်ကိစ္စမျိုး နောက်ထပ်ဘယ်တော့မှအဖြစ် ခံတော့မှာမဟုတ်ဖူးလို့ လွန်ခဲ့တဲ့အပတ်တုံးက ပြောခဲ့ပါသေး တယ်။ တရုတ်နဲ့ရုရှက လုံခြုံရေးကောင်စီမှာ ကလေးတစ်ယောက်လို မျက်စိမှိတ်ပြီး၊ သန်းရွှေတို့ဖက်က တဖက်သတ်ဆက်လက် ထောက်ခံနေမယ်ဆိုရင် အနောက်နိုင်ငံ တွေအနေနဲ့ လုံခြုံရေးကောင်စီကတဆင့်မဟုတ်ပဲ၊ တခြားနည်းတွေနဲ့ ဖြေရှင်းလို့ရပါ သေးတယ်။

အရေးအကြီးဆုံးကတော့ မြန်မာပြည်သူတရပ်လုံး ဒုတိယလွတ်မြောက်ရေးအတွက် နည်းမျိုး စုံနဲ့ဆက်လက်တိုက်ပွဲဝင်ကြဖို့ပါပဲ။ ပြည်ပရောက်မျိုးချစ်မြန်မာများရဲ့ လက်ရှိဆန္ဒပြပွဲတွေဟာ စစ်အစိုးရကိုတုန်လူပ်စေခဲ့ပြီး၊ နိုင်ငံတကာက မြန်မာပြည်အရေးကို ပိုမိုအာရုံစိုက်စေခဲ့ တဲ့အပြင်၊ ပြည်တွင်းကလူပ်ရှားသူများကိုလည်း အားတက်စေတာကြောင့် ဆက်လက်ပြီး အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်…..။

နောက်ဆုံး ပြောချင်တာကတော့ သန်းရွှေအနေနဲ့ ပါးပါးကလေးသေချင်သလား၊ ထူထူကလေးသေချင်သလားဆိုတာကတော့ ရှေ့ဆက်ပြီးမိုက်မလား၊ မမိုက်တော့ဖူးလား ဆိုတာမှာပဲမူတည်တယ်ဆိုတာ ပြောကြားလိုက်ပါရစေ။

ငြိမ်းချမ်းအောင်
၆ရက်၊ အောက်တိုဘာ၊ ၂၀၀၇။

No comments: