26 October, 2007

Is Dialogue Coming?

ဒိုင်ယာလော့လေလား……ထင်ယောင်မှား

ငြိမ်းချမ်းအောင်


မနေ့က (၂၅ အောက်တိုဘာ၊ ၂၀၀၇) ညနေ (၂) နာရီခန့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကားသုံးစီးနဲ့လာ ခေါ်သွားပြီး၊ သူမအိမ်နဲ့ အနီးဆုံးဧည့်ရိပ်သာ တစ်ခုဆီကို ခေါ်သွားတယ်။ အဲဒီမှာ နအဖစစ်အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာ (၈) ရက်နေ့က minister for relation ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်ထားတဲ့ ဗိုလ်ချုပ်အောင် ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ်လို့ ရန်ကုန်ရှိ သံတမံများကို ကိုးကားပြီး အေပီသတင်းဌာနက အစောဆုံး သတင်းပေးခဲ့ပါတယ်။ တကယ်က လွန်ခဲ့တဲ့ ရက်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကားနက်ကြီးနဲ့ နေအိမ်ကနေ လာခေါ်သွားတယ်...ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တွေ့ဆုံ ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က ညပိုင်း မြန်မာစံတော်ချိန် (၈) နာရီခန့်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ကြည်တို့ တွေ့ဆုံကြတယ်လို့ စစ်အစိုးရ အာဘော် MRTV နဲ့ အင်္ဂလိပ် အစီအစဉ်တွေ လွှင့်တဲ့ MRTV-3 တို့ကနေ breaking news ဆိုပြီး ရှေ့ဆင့်နောက်ဆင့်ပဲ ဓါတ်ပုံတွေ နဲ့တကွ ကြေငြာသွားပါတယ်။ အဲဒီသတင်းကို စက္ကန့်ပိုင်းမျှ ကြေငြာအပြီးမှာ “အာအက်အေ၊ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ လိမ်နေသည်၊ ညာနေသည်၊ ရန်တိုက်ပေးနေသည်၊ လေလိုင်းပေါ်မှ လူသတ်သမားများ သတိထား” ဆိုပြီးတော့ လည်းကြေငြာ သွားပါသေးတယ်။ ကမ္ဘာ့သတင်းဌာနတွေ (သတင်းစာတွေ) ရဲ့ ညပိုင်းသတင်းတွေ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ကြည် စိမ်းလဲ့ကန်သာ အမည်ရှိ အစိုးရဧည့်ရိပ်သာမှာ တစ်နာရီခန့် တွေ့ဆုံကြတယ်လို့ သတင်းပေးပါတယ်။


လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ ကြားသိရတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိန့်အာဏာမရှိတဲ့ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ဆုံလိုစိတ်မရှိဘူး ဆိုတာပါပဲ။ သူမအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေမှာ ဆက်သွယ်ရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါပြီ...၊ အဲဒီတွေ့ဆုံပွဲတွေဟာ စစ်အစိုးရဖက်က နိုင်ငံရေး ကစားကွက်တွေသာဖြစ်ပြီး၊ လက်တွေ့မှာ ဘာဖြေမှ မထွက်ပါဘူး။ စစ်အစိုးရတီဗွီမှာပြတဲ့ သူမမျက်နှာကို ကြည့်ရတာလည်း လန်းလန်းဆန်းဆန်း မရှိပါဘူး။ မစ္စတာဂမ်ဘာရီနဲ့ တွေ့စဉ်ကလောက်တောင် မလန်းဆန်း ပါဘူး။ ဗိုလ်ချုပ်အောင်ကြည်ကို ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်စဉ်ကလည်း စစ်အစိုးရကို အမြဲတမ်း အကောင်း ဖက်က ကြည့်မြင်တတ်တဲ့၊ စစ်အစိုးရရဲ့ appologist လို့တောင်သမုတ်ခံရတဲ့ အမေရိကန်ပညာရှင် ဂျိုးဇက်ဆေဗာ စတိုင်းကလည်း ဗိုလ်ချုပ်သန်းရွှေကော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ဗမာတွေဖြစ်ပြီး၊ ဗမာစကား ကို နှစ်ယောက် စလုံးတတ်ပါလျှက် ဆက်သွယ်ရေးအရာရှိ ခန့်တယ်ဆိုတာ သူ့အနေနဲ့ နားမလည်ကြောင်း၊ စစ်အစိုးရဖက်က လိမ်လည်လှည့်ဖျားဖို့ ကြိုးစားခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသေးတယ်။


ဒီဖြစ်ရပ်တွေနဲ့ နိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် တပြိုင်တည်းမှာပဲ မနေ့ကသတင်းဌာနတချို့ကနေ ဗိုလ်ချုပ် သန်းရွှေရဲ့ သမက် စီးပွားရေးသမား ကိုတေဇပိုင် အဲယားပုဂံရဲ့ ရန်ကုန်-စင်ကာပူ ခရီးစဉ်တွေကို ရှေ့လ နိုဝင်ဘာ (၄) ရက်နေ့မှာစတင်းပြီး ရပ်နားတော့မှာဖြစ်တယ်လို့ အဲယားပုဂံက ဈေးကွက်နဲ့ အရောင်းမြှင့်တင်ရေး မန်နေ ဂျာကနေ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ခရီးသွားများမှ အဲယားပုဂံလက်မှတ်တွေကို ၀ယ်ယူ သူ မရှိသလောက် နည်းသွားပြီဖြစ်တယ်၊ သူတို့အရောင်းဌာန အနေနဲ့ အဲယားပုဂံ လက်မှတ်တွေကို ရောင်းမပေး တော့ပါဘူးလို့လည်း စင်ကာပူ မှာရှိတဲ့ ခရီးသွားလက်မှတ် အရောင်းဌာန ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောဆို ပါတယ်။ အဲယားပုဂံ အရောင်းမြှင့်တင်ရေး မန်နေဂျာရဲ့ ကြေငြာချက်မှာတော့ စင်ကာပူဘဏ်ကနေ သူတို့ ကုမ္ပ ဏီကို ပူးပေါင်းဆောင်ရွက်မူတွေ ရပ်တန့်လိုက်ပါပြီလို့ အကြောင်းကြားစာ ရောက်လာပြီးတဲ့ နောက်မှာ ကျနော် တို့ ဒီလိုဆုံးဖြတ် လိုက်ရတာလို့ဆိုပါတယ်။ ကျနော်တို့ လေကြောင်းလိုင်းနဲ့ ကျနော်တို့ကုမ္ပဏီကို ပိတ်ဆို့ အရေး ယူ ဒဏ်ခတ်ခြင်း ခံခဲ့ရတာပါ…ဒီပိတ်ဆို့မူဟာ ကျနော်တို့ကိုများစွာ ထိခိုက်စေပါတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ လေ့လာသူများကတော့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာပါတဲ့ စစ်အစိုးရ အသိုင်းအ၀ိုင်းက ကုမ္ပဏီတွေအနေနဲ့ စင်ကာပူမှာ ဆက်လက်ရပ်တည်ပြီး စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်း နည်းသွားပြီလို့ ပြောဆိုကြပါတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကလည်း ဆွဇ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီတွေက မြန်မာ ပြည်ကလာတဲ့ ငါးပုစွန်တွေကို မ၀ယ်တော့ပဲ ပြန်ပို့လိုက်ပြီး၊ တောင်အာဖရိက အ၀တ်ကုမ္ပဏီ တွေက လည်း မြန်မာပြည်လုပ် Make in Myanmar စာတန်းပါတဲ့ အ၀တ်အထည်တွေကို မ၀ယ်တော့ပဲ ပြန်ပို့လိုက်တယ်။ အဲဒီကပြန်ရောက်လာတဲ့ ငါးပုစွန်တွေကို ရန်ကုန်မှာ မတန်တဆဈေးနဲ့ (တပိဿ ကျပ်ငါးရာလို့ သိရပါ တယ်) ချရောင်းရတော့ ရန်ကုန်က ကလေးတွေ အဲဒီရက်က ပုစွန်တုတ်တွေစားပြီး ပျော်နေကြတယ်လို့ ဆိုပါတယ်။ အီးယူက မြန်မာပြည်ကို ပိတ်ဆို့အရေးယူမူတွေ လုပ်ခဲ့ပေမဲ့ ဆွစ်ဇာလန်နိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ မဟုတ်ပါဘူး။ တောင်အာဖရိက နိုင်ငံကလည်း လူဖြူလူမဲ အသားအရောင် ခွဲခြားမူ ပပျောက်ရေး၊ တန်းတူ ရေးတွေအတွက် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရပြီး၊ မနေ့တစ်နေ့ကမှ လွတ်လပ်ခဲ့ပြီးတဲ့နောက် မြန်မာပြည်အရေးကို ဂျန်န၀ါရီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲပေးတော့ ကန့်ကွက်မဲပေးခဲ့လို့ ဆူညံ ပွက်လော ရိုက်ခဲ့ပါသေးတယ်။ အခုအဲဒီနိုင်ငံတွေက တရားဝင်ကြေငြာခဲ့ခြင်း မရှိပဲ မြန်မာစစ်အစိုးရ အပေါ်မှာ ပိတ်ဆို့မူတွေ လုပ်ခဲ့တာဖြစ်ပါတယ်။


ဘုန်းတော်ကြီးများ ဦးဆောင်တဲ့ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရမှ စစ်တပ်ဖြင့် အကြမ်းဖက် ဖြိုခွင်း ခဲ့ပြီးနောက် အမေရိကန်အစိုးရမှ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၄င်းတို့ အသိုင်းအ၀ိုင်းကို ပိတ်ဆို့အရေးယူမူများ (၂) ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယတစ်ကြိမ်ကို အောက်တိုဘာလ (၁၉) ရက်နေ့မှာ ပြဌာန်းခဲ့ပြီး၊ အဲဒီ ဆမ်ရှင်မှာ နောက်တိုး စစ်ခေါင်းဆောင် (၂၅) ဦးနဲ့ ၄င်းတို့လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင် (၁၂) ဦးတို့ ပိုင်ဆိုင် တဲ့ဘဏ်စာရင်းများကို ပိတ်ဆို့ခြင်းများ ပါဝင်ခဲ့ပါတယ်။ အီးယူသမဂ္ဂနဲ့ သြစတေးလျ နိုင်ငံတို့ကလည်း စစ်အစိုးရ ကို ပိတ်ဆို့အရေးယူမူများ လုပ်ခဲ့ပါတယ်။ အောက်တိုဘာ (၂၄) ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ သြစတေးလျ နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမူမှာ လူဦးရေ (၄၀၀) ကျော်ပါဝင်ပြီး၊ နအဖအဖွဲ့ဝင်များ၊ ၄င်းတို့ မိသားစုဝင်များ၊ တိုင်းမူးများ၊ တပ်မမူးများ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများ၊ အငြိမ်းစားစစ်တပ် ခေါင်းဆောင်များ ပါဝင်ပါတယ်။ အမေရိကန် နိုင်ငံ ကလည်း စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဥက္ကဌ ကြေငြာချက်အတိုင်း မလိုက်နာဘူး ဆိုရင် ၄င်းတို့အနေနဲ့ တိုးချဲ့ဒါဏ်ခတ်မူများ ဆက်လက်လုပ်ကိုင် သွားမယ်လို့ ပြောဆိုခဲ့ပြီး၊ တခြားနိုင်ငံတွေ အနေနဲ့ လည်း စစ်အစိုးရကို ဒဏ်ခတ်အရေး ယူမူတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။


ဒီကနေ့ ဂလိုဘယ်စီးပွားရေးဈေးကွက်မှာ ကွန်ယက်လို ဘဏ်တွေရဲ့ ငွေကြေးစီးဆင်းမူကလည်း ဆက်စပ်နေပါ တယ်။ မည်သို့ဆိုစေ စစ်အစိုးရအနေနဲ့ ပန်းပန်လျှက်ပဲလုပ်နေလို့ ရတဲ့အခြေအနေတော့ မဟုတ်တော့ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်အရေးယူမူတွေ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ၄င်းတို့ မဟာမိတ်တွေရဲ့ ပိုမိုပြင်း ထန်တဲ့ အရေးယူမူတွေ မလုပ်ခင်၊ အခုပဏာမ ပိတ်ဆို့မူတွေနဲ့တင် စစ်အစိုးရဟာ ထိခိုက်နာကျင်မူတွေ ရှိနေပြီ ဆိုတာ ခန့်မှန်းလို့ရပါတယ်။


အဲဒါတွေကြောင့်ပဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမူး ဘမ်ကီမွန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို မြန်မာပြည်ကို စောစောပြန်လာဖို့ လက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၃-ခုနှစ် နိုဝင်ဘာလကတည်းက လေးနှစ်ကြာပြည်ဝင်ခွင့် ပိတ်ပင်ထားခံရတဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် ဘရာဇီးနိုင်ငံသား ပေါ်လိုဆာယိုပီညဲရိုးကိုလည်း မြန်မာပြည်ဝင်ခွင့်ဗီဇာ ပြန်ပေး လိုက်ရပါတယ်။ ဘမ်ကီမွန်ထံကိုရေးတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးညာဏ်ဝင်းရဲ့စာမှာ မစ္စတာပီညဲရိုးကို ဖိတ်ကြား လိုက်တာဖြစ်ပြီး၊ စင်ကာပူနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံနိုင်ငံများ အစည်းအဝေးမတိုင်ခင် နိုဝင်ဘာ (၁၇) ရက်နေ့ မှာ လာစေလိုပါတယ်လို့လည်း ပါဝင်ပါတယ်။ ဒီအခြင်းအရာတွေကို ကြည့်ရင် မြန်မာ့အရေး လေ့လာနေ သူတွေ အနေနဲ့ မြန်မာစစ်အစိုးရအကြောင်း နောကြေနေပြီဖြစ်လို့ ပြည်တွင်းပြည်ပ ဖိအားတွေများလာရင် စစ်အစိုးရက လုပ်နေကျအတိုင်း လုပ်လိုက်ပြန်ပြီဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ သို့သော် ဒီတစ်ကြိမ် စစ်အစိုးရ ရင်ဆိုင်ရတဲ့ အကြပ်အတည်း တွေဟာ သူတို့သက်တမ်းမှာ အဆိုးရွားဆုံး ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။


သို့သော်…မည်ကဲ့သို့သော အကြပ်အတည်းတွေ တွေ့နေပါစေ တစ်ခါက စိတ်ဓါတ်စစ်ဆင်ရေး ဌာနရဲ့ အကြီး အကဲ ဖြစ်ခဲ့ဖူးတဲ့ ဗိုလ်သန်းရွှေဟာ လွယ်လွယ်နဲ့တော့ အရူံးပေးမှာ မဟုတ်သလို၊ သူ့ရဲ့ အကျင့်တွေကိုလည်း ဖျောက်ဖျက်နိုင်ပုံ မရပါဖူး။ စိတ်ဓါတ်ကြံ့ခိုင်ပုံရပြီး၊ လူတွေရဲ့စိတ်တွေကို လှည့်ဖျားကစားတတ်တဲ့ သူတတ် ထားတဲ့ ပညာကိုလည်း တော်တော်အထင်ကြီးပုံရသလို၊ လိမ်လည်လှည့်ဖျားရခြင်း၊ စိတ်ဓါတ် စစ်ဆင်ရခြင်းမှာ ပျော်မွေ့ နေပုံရပါတယ်။ ဘယ်အချိန်အထိ ပျော်မွေ့လှည့်ဖျား လိမ်လည်ကစားနေနိုင်မလဲ ဆိုတာကတော့ အချိန် တွေကပဲ သက်သေပြပါလိမ့်မယ်။ အခုဆိုရင်ပဲ ဗိုလ်သန်းရွှေ လုံးဝမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပြနေရပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး ဇာတ်ခုံပေါ်မှာ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၈၈ ခုနှစ်ကတည်းက ၁၉-နှစ်ကာလအတွင် တစ်ကြိမ်သာပဲ တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါကလည်း ဖိအားတွေ ပြင်းထန်လာတာကြောင့် ၂၀၀၂ ခုနှစ်မှာ “ယုံကြည်မူတည်ဆောက်တယ်” ဆိုတဲ့ ခေါင်း စဉ်နဲ့ နိုင်ငံရေးကစား လှည့်ဖျား တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်ပြီး တည့်တည့်သာ ကြည့်မြင် တတ်တဲ့ ဒေါ်အောင် ဆန်းစုကြည်လည်း စစ်ဓါတ်စစ်ဆင်ရေး အရာရှိဟောင်း ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ဓါတ် စစ်ဆင်ရေး လှည့်ကွက်မှာ အလိမ်ခံခဲ့ရပုံရပါတယ်။ တကယ့် ဗိုလ်သန်းရွှေရဲ့ စိတ်ရင်းအမှန်က “အောင်ဆန်း စုကြည်” ဆိုတဲ့နာမည် ကိုတောင်မကြားချင်သလို သူ့ရှေ့မှာ အဲဒီနာမည်ကို မခေါ်ရဘူးလို့ဆိုပါတယ်။ သူမကို ပြည်သူလူထုနဲ့ အဆက် ဖြတ်ဖို့အတတ်နိုင်ဆုံး ကြိုးစားတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ အဆက်ဖြတ်ထားချင်တယ်။ ဗိုလ်သန်းရွှေရဲ့ ပါးစပ်ကို ငှားပြောတယ်လို့ ပြောလို့ရတဲ့ စစ်အစိုးရတီဗွီတွေ၊ သတင်းစာတွေမှာ ၁၉-နှစ်ကာလ အတွင်း ဒေါ်အောင် ဆန်းစုကြည် နာမည်နဲ့ဓါတ်ပုံတွေကို တွေ့မြင်ခွင့်ရတဲ့ အကြိမ်ဟာ လက်ချိုးရေ တွက်လို့ ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာလူထုလူပ်ရှားမူများ အပြီးမှာတော့ ဗိုလ်သန်းရွှေဟာ မလုပ်ချင်တာတွေကို လုပ်နေရပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရက်ပိုင်းအတွင်းမှာ စစ်အစိုးရ တီဗွီ တွေ၊ သတင်းစာတွေမှာ သုံးလေးကြိမ်ထက်မနည်း ဖော်ပြခံခဲ့ရပါတယ်။


အစောပိုင်းကတော့ စစ်အစိုးရဟာ အောက်တိုဘာ ၁၂-ရက် နေ့မှာ ကြေငြာချက် (၃/၂၀၀၇) ကိုထုတ်ပြီး လမ်းပြမြေပုံ (၇) ချက်အတိုင်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဆီကိုဆက်လက်ချီတက် ပါမယ်လို့ လုပ်ခဲ့ပါသေးတယ်။ တပြိုင်တည်းမှာ အမျိုးသားညီလာခံ ထောက်ခံပွဲဆိုတာတွေကို နိုင်ငံအနှံ့ အတင်းအကြပ် လုပ်နေတာ ယနေ့တိုင်ဖြစ်ပါတယ်။ စစ်အစိုးရဟာ “မီးစတဖက် ရေမူတ်တဖက်” ပေါ်လစီကို ကျင့်သုံး နေပါ တယ်။ စိတ်ရင်းအမှန်က ဘယ်သူ့စကားမှ နားမထောင်ပဲ ဗိုလ်ချုပ်သန်းရွှေပါးစပ်က ထွက်တဲ့စကား မှန်သမျှ လမ်းပြမြေပုံ အဖြစ်မှတ်ပြီး ဆက်သွားချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဖိအား၊ ပြည်တွင်း အကြပ်အတည်းတွေ ကိုအရှိန်လျော့ဖို့ အတွက် လက်တဖက်က ရေမူတ်ကို ကိုင်ထားပြန်ပါတယ်။ အရင်ကဆိုရင် ပြင်ပဖိအားတွေများ လာရင် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပြလိုက်တာမျိုး၊ လူ့အခွင့်အရေး ကိုယ်စား လှယ်ကို ပြည်ဝင်ခွင့် ပေးလိုက်တာမျိုး၊ ICRC နဲ့ ILO စိတ်ကြိုက် လိုက်လျောပေးလိုက် တာမျိုးကို လုပ်ပြလိုက် ရင် ကုလ သမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်အစိုးရ လုပ်ရပ်ကို ကြိုဆိုတယ်ဆိုပြီး တရားဝင် ထုတ် ဖော် ပြောကြားခဲ့ပေမဲ့၊ အခုအကြိမ်မှာတော့ စစ်အစိုးရရဲ့ ဟန်ပြ လုပ်ဟန်တွေကို ဘယ်သူကမှ ကြိုဆိုတယ် ပြောတာ မကြားရတော့ပါဖူး။ ဗိုလ်ချုပ်သန်းရွှေရဲ့ လိမ်လည်မူတွေကို နှစ်ပေါင်းများစွာ ခံလာကြရသူတွေဟာ စစ်အစိုးရကို ယုံကြည်လို့ကို မရနိုင်တော့တာ ဖြစ်နိုင်ပါတယ်။


ကမ္ဘာ့အခင်းအကျင်းအသစ်အောက်မှာ အင်အားကြီးနိုင်ငံတွေရဲ့ အခြေအနေကို ကြည့်ပြီး မီးစင်ကြည့်ကတဲ့ ပေါ်လစီကို တလျောက်လုံး ကျင့်သုံးခဲ့တဲ့ ဗိုလ်သန်းရွှေတစ်ယောက် ဒီတစ်ခါ ကမ္ဘာကြီးကို ဘယ်လိုကစားကွက် အသစ်တွေနဲ့များ ဆက်လိမ်ဦးမှာလဲ ဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ မြန်မာပြည် နဲ့ အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အာဏာပေးအပ်ထားခြင်း ခံရတဲ့၊ မြန်မာပြည် အရေးကို ပါဝင်ဖြေရှင်းပေးလိုတဲ့ ကမ္ဘာ့နိုင်ငံတွေကနေ စောင့်ကြည့်ခြင်း ခံနေရတဲ့ ဂမ်ဘာရီကတော့ အာရှ ခြောက်နိုင်ငံ ခရီးစဉ်ထွက်နေရင်း အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့အပြီး၊ နယူးဒေလီမြို့ကနေပြီး တွေ့ဆုံဆွေး နွေး ဖြေရှင်းခြင်းသည်သာ မြန်မာပြည်ပြဿနာတွေကို ဖြေရှင်းရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ဖြစ်ပါတယ်ခင်ဗျာ…။


ငြိမ်းချမ်းအောင်

၂၆၊ အောက်တိုဘာ၊ ၂၀၀၇။


No comments: