05 October, 2007

ကြိုင့်အတွက် ဆက်၍ လိမ်နေပါဦးမည်…….ပုံ၊ သန်းရွှေ၊ မသေမချင်း ခွေးပြည်တော်။

မနေ့က မြန်မာစစ်အစိုးရ သတင်းတွေမှာ ကြေငြာချက် တစ်စောင်ပါဝင်ပါတယ်။ ဂမ်ဘာရီနဲ့ တွေ့စဉ်က ဗိုလ်ချုပ်မူးကြီးသန်းရွှေ ပြောလိုက်တာတွေနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန် ခဲ့တာပဲဖြစ်ပါတယ်။ ကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတ်မှတ်ထားတဲ့စည်း ကမ်းချက်တွေကို လိုက်နာရင် ဗိုလ်ချုပ်သန်းရွှေက လက်ခံတွေ့ဆုံမယ်လို့ဖော်ပြထားပါတယ်။
ကြေငြာချက်မှာ ပါတဲ့အချက်တွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်မူ၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးပိတ်ဆို့မူ နဲ့အဖျက်အမှောက်လုပ်ငန်း စတာတွေကိုစွန့်လွှတ် ကြောင်းကြေငြာမယ်ဆိုရင် ဗိုလ်ချုပ်သန်းရွှေက တွေ့ဆုံပါမယ်တဲ့။

အခုအချိန်ဟာတိုက်ပွဲအရှိန်တွေ မြှင့်တက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဗမာပြည်အရေးကို စပြီးစိတ်ဝင် စားတဲ့သူတွေ၊ လူငယ်တွေအနေနဲ့မြန်မာပြည်မှာ တကယ်ပဲတွေ့ဆုံ ဆွေးနွေးရေးတွေ ပေါ်လာတော့မှာလားဆိုတာေ၀၀ါးသွားစရာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းရွှေအနေနဲ့ တကယ်ပဲစိတ်ပြောင်းသွားပါသလား။ မဟုတ်ပါ၊ လုံးဝစိတ်မ ပြောင်းပါ၊ ယခင်ကအတိုင်းပဲ တယူသန်တစ်ဇောက်ကန်း၊ တဖက်သတ် အယူအဆတွေနဲ့ ဗမာပြည်ကို သုသာန်တစ်စပြင်စီကို အရောက်ဆက်လက် သယ်ဆောင်သွားမဲ့ သူ့မူလ ပန်းတိုင်ဟာ လုံးဝ အပြောင်းအလဲမရှိပါဘူး။ အန်အယ်ဒီက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကမ်းလှမ်းနေခဲ့တာဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့ပါပြီ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကလည်း မြန်မာပြည်ကပြဿနာတွေ အေးအေးချမ်းချမ်းဖြေရှင်းနိုင်အောင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေခဲ့ပါတယ်။ ဒါပေမဲ့သန်းရွှေဟာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားကိုကြားတိုင်း တီကိုဆားနဲ့တို့လိုက်သလို တွန့်သွားပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဆိုတာ စားပွဲဝိုင်းမှာ စကားပြောတာပဲ၊ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အေးအေးဆေးဆေး အဖြေရှာဖို့ဆွေးနွေးကြတာပဲ။ အဲဒါကို ဘာဖြစ်လို့များသန်းရွှေက အရမ်းကြောက်နေရတာ လဲ။ ရှင်းပါတယ်၊ အကြွင်းမဲ့အာဏာကို လက်မလွှတ်ချင်လို့ပါ။ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်မှာရှိတဲ့သယံဇာတအားလုံး ငါနဲ့ငါ့မိန်းမ ကြိုင်ကြိုင်ပိုင်တယ် ဆိုတာလုပ်ချင်လို့ပါ။ ပြည်သူ့ဘဏ္ဍာတွေဖြစ်တဲ့ သစ်တောတွေလည်း ကုန်သွားပြီ၊ သယံဇာတတွေလည်း ကုန်သွား ပြီ၊ ပင်လယ်ထွက်ပစ္စည်းတွေကိုလည်း ဈေးပေါပေါနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချခဲ့ပြီးပြီ၊ အခုလက်ရှိကမ်းလွန်ပင်လယ်က သဘာဝဓါတ်ငွေ့တွေနဲ့ စွမ်းအင်တွေကို နောက်ဆုံးကျန်တဲ့ သယံဇာတတွေအဖြစ် ရောင်းစားနေတယ်။ ပြည်သူပိုင်သယံဇာတွေက ရောင်းရတဲ့ ပိုက်ဆံ တွေ ကြိုင်ကြိုင့်ဘဏ်စာရင်းထဲကို ဘယ်လောက်များဝင်သွားသလဲ။ သန်းရွှေသမီး သန္တာရွှေ မင်္ဂလာဆောင်တုံးကတော့ ၀တ်ထားတဲ့စိန်တွေတန်ဖိုးက မြို့ကြီးတစ်မြို့ တည်လို့ရတယ်။

”၈၈” လူထုလူပ်ရှားမူကို အကြမ်းဖက်ဖြိုခွင်းပြီးတဲ့နောက်၊ လူထူတည်ငြိမ်သွားအောင် စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးပါမယ်လို့ လူထုကို ပျားရည်နဲ့ဝမ်းချခဲ့တယ်။ ရွေးကောက် ပွဲမှာသူတို့နိုင်မယ်လို့ ထင်ပုံလည်းရတယ်။ ရွေးကောက်ပွဲလည်းလုပ်ရော အန်အယ်ဒီက အပြတ်အသတ်နိုင်သွားတဲ့အခါ၊ စစ်ခေါင်းဆောင်တစုရဲ့ သရုပ်သကန်ဟာ အထင်အရှား ပေါ်လွင်ခဲ့တယ်။ ပေးထားတဲ့ ကတိတွေ၊ သူတို့ထုတ်ပြန်ထားတဲ့ဥပဒေတွေကို သူတို့ ကိုယ်တိုင်ပြန်လည်ချိုးဖောက်ခဲ့တယ်၊ အနိုင်ရပါတီကိုအာဏာလွှဲမပေးဘူး၊ စစ်တပ်တသက်လုံး လူပါးဝအုပ်ချုပ်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို သူ့သဘောနဲ့သူ ရေးဆွဲဖို့ လုပ်နေတယ်။ ပြည်သူလူထုကိုကော၊ စစ်တပ်အောက်ခြေကိုကော၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကိုပါ အမျိုးမျိုးလိမ်လည်လှည့်ဖျားပြီး ခရီးဆက်ခဲ့တာ ဒီကနေ့ဆိုရင် ရာစုနှစ် နှစ်ခုပြည့်တော့မယ်။ ဒီကာလတွေအတွင်းမှာ တိုင်းပြည်ဟာလည်း ကုန်းကောက်စရာ မရှိတော့လောက်အောင် ဘက်ပေါင်းစုံမှာ ကျဆုံးပျက်စီးနေတယ်။

စစ်အစိုးရကြောင့် မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာဟာ နိုင်ငံတကာမှာလည်း သုညမှတ် အထိကျဆုံးနေတယ်။ မြန်မာတွေကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ အထင်မကြီးတော့ဖူး။ မြန်မာတွေဗီဇာလျှောက်ရင် သူတို့နိုင်ငံမှာ အပြီးနေလိုက်မှာစိုးလို့ ဗီဇာ မပေးချင်တော့ဘူး။ နိုင်ငံတကာမှာရှိတဲ့ စစ်အစိုးရသံရုံးတွေဟာလည်း၊ အခွန်ရုံးတွေ၊ တနည်းအားဖြင့် မြန်မာတွေပင်ပင်ပန်းပန်း ရှာထားတဲ့ ချွေနဲစာကို အေးဓါးပြတိုက်ဖို့ တရားဝင်လိုင်စင်ရထားတဲ့ ဓါးပြဌာနတွေဖြစ်လာတယ်။ မြန်မာလူမျိုးတွေပြည်ပမှာ ဘယ်လောက်ဒုက္ခရောက်နေပစေ သူတို့နဲ့မဆိုင်ဘူး၊ လိုက်ဖြေရှင်းပေးမှာမဟုတ်ဘူး။

သန်းရွှေဟာ နိုင်ငံတကာဖိအားတွေများလာရင် အခုလိုလှည့်ဖျားဖို့ ကြိုးပမ်းခဲ့တာ ထုံးတမ်း စဉ်လာတစ်ခုလို ဖြစ်နေပါပြီ။ အဆန်းမဟုတ်တော့ပါဘူး။ ပြည်ပကဖိအားတွေ များလာရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီး နိုင်ငံ တကာဖိအားတွေကို လျှော့ချဖို့လုပ်လိုက် ပြည်ပက အကူအညီတွေကို ပြန်ယူဖို့ကြိုးစားလိုက် လုပ်ခဲ့တာ နောကျေနေပါပြီ။ အသစ်အဆန်းမဟုတ်ပါဘူး။ အခုလည်း လူထုလူပ်ရှားမူ အရှိန်မြင့်နေချိန်မှာ အာရုံပြောင်းသွားအောင် ချိန်ကိုက်ဗုံးတစ်လုံးကို အချိန်ကိုက် ဖောက်ခွဲ လိုက်တာသာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမူးရဲ့ အထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီ မြန်မာပြည်ကနေ နယူးရောက်ကို ပြန်ရောက်တဲ့အခါ၊ အထွေထွေအတွင်းရေးမူး ဘမ်ကီမွန်းက ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာအောင်မြင်တယ်လို့ ပြောလို့မရပါဘူးလို့ ပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကုလသမဂ္ဂကလုပ်စေချင်တဲ့အတိုင်း သန်းရွှေက လက်မခံ ဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ တကယ်တန်းသာ သန်းရွှေဟာ စိတ်ကောင်း စေတနာ ကောင်းရှိရင်၊ ဘုရားသားတော်တွေ တောင်းဆိုတဲ့အချက်လေးချက်ကို လိုက်လျောခဲ့မှာ အမှန်ပဲဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို စေတနာ ဘယ်လောက်ရှိသလဲ ဆိုတာကို ခဏ ထားလိုက်၊ လူတစ်ယောက်မှာရှိသင့်တဲ့စိတ်မျိုးကိုမရှိလို့ ဘုန်းကြီးတွေကို ရိုက်သတ်တာပေါ့။ ဖမ်းဆီးနှိပ်စက်ခဲ့တာပေါ့။ လယ်ပြင်မှာဆင်သွားသလို အဖြေကရှင်းရှင်းကြီးပါ။

အခုလည်း သန်းရွှေဟာအားလုံးကို ထပ်လိမ်ဖို့ကျိုးစားတာပါ။ ထုတ်ပြန်ကြေငြာချက်ထဲမှာ ပါတဲ့သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတဲ့အချက်တွေကလည်း၊ အခြေအမြစ် မရှိပါဘူး။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမူဆိုတာက စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူ တွေကြောင့်ဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောတိုင်း နိုင်ငံတကာကလိုက်လုပ်မှာ မဟုတ်ပါဘူး။ သူတို့မှာမျက်စိတွေ၊ နားတွေ၊ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်တွေရှိပါတယ်။ ပြီးတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က အဖျက်အမှောက် လုပ်ငန်းတွေလုပ်တယ်လို့ စွပ်စွဲပါတယ်။ တကယ်တမ်းအဖျက်အမှောက် လုပ်ငန်းလုပ်သူဟာ ဘယ်သူပါလဲ။ အားလုံးသိကြပါတယ်။

တကယ်တော့ သန်းရွှေဟာရူးသွပ်နေသူပါ၊ တနည်းအားဖြင့်ဘုရင်ရူး ရူးနေသူသာ ဖြစ်ပါ တယ်။ ကြပ်ပြေးကို နေပြည်တော်လို့ နာမည်ပေးခဲ့တာက အထင်အရှားသက်သေပါ။ အခုလည်း ဂမ်ဘာရီက သန်းရွှေကိုဂါရ၀ပြုခွင့် အခွင့်အရေး ရသွားခဲ့တယ်လို့ စစ်အစိုးရ သတင်းစာမှာ ရေးခဲ့တယ်လို့သိရပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်အထိ ဘ၀င်မြင့်နေတယ်ဆိုတာ တွက်ဆနိုင်ပါတယ်။ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီကွေ့မှာဒီတက်နဲ့လှော်ရင်း လိမ်လည်လှည့်ဖျား အုပ်ချုပ်ခဲ့တာ ဒီကနေ့အထိ ရနေသေးတော့ တယ်တော်တဲ့ ငါပါလားဆိုပြီး၊ ဘ၀င်လေဟပ် သွားပုံရပါတယ်။

ကျနော်တို့ပြည်သူတွေဟာ လမ်းလျှောက်ရင်ထော့နင်းဖြစ်နေတဲ့ ဒုက္ခိတ တစ်ယောက်က ကအုပ်ချုပ်တာကို နှစ်ပေါင်းများစွာ လည်စင်းခံခဲ့ရတာ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ပါတယ်။ တမျိုးသားလုံးလွတ်မြောက်ဖို့အတွက် နိုင်ငံသားအားလုံး ၀ိုင်းဝန်း လုပ်ဆောင် ကြရမှာပါ။ စစ်အာဏာရှင်တွေရဲ့ နိဂုံးချုပ်ရက်တွေ မကြာခင်ရောက်လာတော့မှာပါ။

ငြိမ်းချမ်းအောင်
၅ ရက်၊ အောက်တိုဘာ၊ ၂၀၀၇။

No comments: