15 October, 2007

Suggestion Letter to BBC

ဘီဘီစီသို့အကြံပြုစာ

(၁) ဦးမောင်မောင်သန်းဆိုတဲ့ ပုဂိုလ်ကဒီပဲယင်းလုပ်ကြံခံရတဲ့ နှစ်ပတ်လည်နေ့မှာ အေးလွင်ကို စင်တင်ပေး ပြီး လူထုကိုစော်ကားခိုင်းလိုက်တယ်။ စစ်တပ်ကလူထုလူပ်ရှားမူ့ကိုရက်ရက်စက်စက်နှိပ်ကွပ်ပြီး၊ ပြည်သူ တွေ၊ သံဃာတွေကိုထောင်သွင်း အကျဉ်းချနေတဲ့ ကာလမှာ ဒီမိုကရေစီရေးလုပ်နေတဲ့ သူတွေကို လူတန်း စားခွဲစော်ကားပြတဲ့ စစ်တပ်အလိုတော်ရိတယောက်ရဲ့ စာကိုဖတ်ပြလိုက်တော့ မီဒီယာကစောင့်ထိန်းတဲ့ စည်းကမ်းတို့၊ ဘက်လိုက်မူ့တို့ဆိုတာကိုမေးစရာဖြစ်လာတယ်။ နှစ်ဘက်လုံးရဲ့ အမြင်ကို တင်ပြတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ကိုယ်ကစစ်တပ်ဘက်က ဘက်လိုက်ပြောနေတာလားဆိုတာ ကိုယ့်ဘာသာပြန်မေး ပါအုံး၊ တိုက်ဆိုင်မူ့လား၊ ရည်ရွယ်ချက်ရှိရှိလုပ်နေတာလားဆိုတဲ့ သံသယတွေတိုးလာတာတော့အမှန်ပဲ။

(၂) ကျနော်တို့အင်မတန်စိတ်ပျက်တဲ့ ကိုအောင်နိုင်ဦး၊ ကိုဝင်းမင်း၊ ကိုတင်မောင်သန်း ဆိုတဲ့ “စစ်ဘက်နဲ့ အရပ်ဘက်ဆက်ဆံရေး” “မြန်မာ့အရေးလေ့လာကျွမ်းကျင်သူများ” ကိုယ့်ဘာသာခေါင်းစဉ်ကြီးကြီးတပ်၊ အနှစ်မရှိတဲ့အင်တာဗျူးတွေ၊ (သူတို့ပြောနေစကားတွေကို လမ်းဘေးကဂွေလှိမ့်နေတဲ့ကလေးတွေကတောင် သိပြီးသားစကားတွေ၊ အာဂျင်တာနဲ့ပြောနေတဲ့ အကြောင်းအရာတခြားစီဖြစ်လို့အင်တာဗျူးမှာ ဘုန်းကြီး တွေကိုမလုပ်သင့်ပါဘူးဆိုပြီး ငိုလို့ငို၊ နောက်(၂) ရက်ကျတော့ဗိုလ်ချုပ်အောင်ကြည်ချီးမွမ်းခန်းဖွင့်လို့ဖွင့်)

အဲသလောက်ညံ့တဲ့ အမေရိကန်ကျောင်းဆင်းဆိုသော ပုဂိုလ်တွေအခုမှတွေ့ဖူးတာအမှန်ပါပဲ၊ ကျနော်တို့ လည်းနိုင်ငံရေးသိပံသင်ကြားနေသော ကျောင်းသားတွေပါ။ မင်းတို့ကဘယ်လောက်နားလည်လို့လဲ စိန်ခေါ် မယ်ဆိုရင်တော့၊ ကျနော်တို့ဆွေးနွေးငြင်းခုန်ဖို့အသင့်ပါ။ ၀ါဒတခုချင်း၊ သမိုင်းဆိုင်ရာအချက်အလက်တွေ၊ တချက်ချင်း၊ စစ်အာဏာရှင်တွေရဲ့စိတ်ပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေကိုတပိုင်းချင်း ဆွေးနွေး ဖို့အသင့်ပါ။ ကျနော်တို့သုံးသပ်တာကတော့ ဒီလူတွေဒီလောက်ကြောက်နေတာဟာ မြေပေါ်လူထုတိုက်ပွဲကို ကောင်းကောင်းမပါဝင်ခဲ့ဘူးလို့ပါ။ ရန်သူနဲ့မြေပေါ်တိုက်ပွဲတွေ၊ စစ်ကြောရေးစခန်းက အတွေ့အကြုံတွေ ရင်မဆိုင်ခဲ့ဘူးတော့ တောင်ပြောမြောက်ပြောလျောက်ပြော၊ တကယ်ဆို၊ မေးတဲ့သူကခေါင်းစဉ်ကြီးတွေ လျှောက်တပ်ပေးလည်းကိုယ်ဘာသာစဉ်းစားကြပါအုံး၊ တန်သင့်၊ မတန်သင့်ဆိုတာပါ။ဘုန်းကြီးရူးနဲ့လှေလူးနဲ့ ခုမှတွေ့ကြလေသတည်း ဆိုတာနားလည်ပေမဲ့ စိတ်ပျက်ပြီးရင်း စိတ်ပျက်နေရတော့တာပါပဲ။

စစ်တပ်ကိုတသက်လုံးတိုက်လာတဲ့လူတွေကဘာမှပြောရဘူး၊ မြေပေါ်လူထုတိုက်ပွဲနဲ့ ဝေးခဲ့တဲ့သူတွေက ခေါင်းစဉ်တွေလျောက်တပ်၊ ဟိတ်ကြီးဟန်ကြီးလျောက်ပြောနေကြတော့၊ မျက်မမြင်ပုဏားခြောက်ယောက် ဆင်ကိုစမ်းတဲ့ပုံပြင်ထက်ဆိုးနေတော့တယ်။ ကျနော်တို့ပုဂိုလ်ရေး တိုက်ခိုက်နေခြင်းမဟုတ်ပါ။ သို့သော် ကျနော်တို့လည်း မကြိုက်တာ စိတ်ပျက်တာကိုတော့ပြောပိုင်ခွင့်ရှိပါတယ်။ ထပ်ပြောလိုက်ပါမယ်။ ကျနော် တို့စိတ်ပျက်သောလူ (၃) ယောက်ထဲမှာ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦး၊ ကိုတင်မောင်သန်း တို့ထိပ်က ပါဝင် ပါသည်။

(၃) ဒီဗွီဘီက ကိုထက်အောင်ကျော်ကိုလည်းအကြံပေးချင်ပါတယ်။ အသံဝဲ၀ဲနဲ့မိတ်ဆက်တဲ့ခင်ဗျားရဲ့ “စစ်ဘက်အရပ်ဘက်လေ့လာနေတဲ့--ဗလာ--ဗလာ” ဆိုသောပုဂိုလ်တွေနဲ့ အရည်မရ၊ အဖတ်မရ၊ ဘာမှ မှတ်သားစရာမရှိတဲ့အင်တာဗျူးတွေကိုလည်းလျော့ပေးပါအုံး ခင်ဗျားတို့က တိုင်းပြည်အတွက် လုပ်နေတာ ဆိုတော့၊ ဘယ်ဟာအကျိုးရှိတယ်၊ မရှိဘူးဆိုတာ သိပါတယ်။

လေးစားစွာဖြင့်

နယူးယောက်အထက်ပိုင်းဒေသကျောင်းသားများ

No comments: