13 October, 2007

ထိပ်တိုက်တွေ့ကြပြီလား…..

ထိပ်တိုက်တွေ့ကြပြီလား…..

ကုလသမဂ္ဂလုံခြုံရေးကောင်စီက သုံးပတ်အတွင်းမှာ မြန်မာပြည်အရေးကို သုံးကြိမ် တွေ့ဆုံ ခဲ့ပြီးနောက်အောက် တိုဘာလ(၁၁)ရက်နေ့မှာ ကြောငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာအဓိကကျတဲ့အချက် တွေအနေနဲ့ …


၁။ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများအား စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူကို ပြင်းထန်စွာ ရူတ်ချ သည်၊

၂။ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရေးသည် အရေးကြီးသည်၊

၃။ စစ်မှန်သောတွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရန်အတွက် လိုအပ်သောပြင်ဆင်မူများပြု လုပ်ရန် မြန်မာစစ် အစိုးရအနေဖြင့် လုပ်ဆောင်ရန်အတွက် ဖိအားပေးလိုက်သည်၊

၎။ မြန်မာပြည်၏အနာဂတ်သည် မြန်မာပြည်သူပြည်သားတို့၏ လက်ဝယ်တွင်သာ တည်ရှိ သည်။

၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ဆောင်ရွက်ရန် အရာရှိတဦးခန့်ထားခြင်းကိုကြိုဆို သည်၊ သို့သော် လက်တွေ့ကျသောနောက်ဆက်တွဲ ဆောင်ရွက်မူများပြုလုပ်ရန် တိုက်တွန်း လိုက်သည်။

၆။ မြန်မာပြည်တွင် ထိရောက်၍ စစ်မှန်သော ရလာဒ်များထွက်ပေါ်လာရန်အတွက် ဂမ်ဘာရီ၏ အစောဆုံး ခရီးစဉ်သည် အရေးတကြီးလိုအပ်သည်၊

စသည့်အချက်များပါဝင်သည်။


လုံခြုံရေးကောင်စီဥက္ကဌ၏ ကြေငြာချက်ကို အမြဲတမ်းအဖွင့်ဝင်နိုင်ငံများဖြစ်သောအမေရိကန်၊ အင်္ဂလန်နှင့် ပြင်သစ်တို့မှပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ အမြဲတမ်းအဖွဲ့ဝင်တရုတ်နှင့်ရုရှတို့မှ စကားလုံး ပြင်ဆင်မူ အနည်းငယ်လုပ်ပြီး နောက်၊ အဖွဲ့ဝင် (၁၅) နိုင်ငံမှ တညီတညွတ်တည်း သဘောတူ ညီမူနှင့် ထုတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့်ရုရှတို့ မှစစ်ရေးအရအရေးယူမူများ၊ ပိတ်ဆို့အရေး ယူမူများကို မလုပ်ရန်ငြင်းဆန်နေသော်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရန် အဆိုပြုချက်ကိုတော့ မငြင်းဆန် နိုင်ခဲ့ကြပါ။


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှလည်း ထိရောက်သောတိုးတက်မူများမရှိလျှင် နောက်နှစ်ပတ် ကြာလျှင်မြန်မာပြည်အရေးအား လုံခြုံရေးကောင်စီတွင် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။

လုံခြုံရေးကောင်စီဥက္ကဌ၏ ထုတ်ပြန်ကြေငြာချက်ကို စင်ကာပူ၊ ဂျပန်နိုင်ငံများက ထောက်ခံလိုက်ပြီး၊ ဗြိတိန် နိုင်ငံခြားရေးဌာနကလည်း ထောက်ခံကြိုဆိုခဲ့သည်။


ဂမ်ဘာရီအနေဖြင့်လာမည့်တနင်္ဂလာနေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး၊ ထိုင်းဝန်ကြီးချုပ်ဆူရာယွတ်ချူလာနွတ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့်ဂျပန်နိုင်ငံများသို့ သွားရောက်ပြီး မြန်မာအရေး ဆွေးနွေးမည်ဖြစ်သည်။ ထို့နောက် မြန်မာပြည်ကို စတုတ္တအကြိမ်မြောက်သွားရောက်ရန်ပြင်ဆင်မည်။


ထိုအခြေအနေများအောက်တွင် စစ်အစိုးရတီဗွီမှ အောက်တိုဘာလ (၁၂) ရက်နေ့ညပိုင်းတွင် စစ်အစိုးရ ဥပဒေ (၃/၂၀၀၇) ကိုကြေငြာသွားခဲ့သည်။ ကြေငြာချက်တွင်..

- နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ ရယူလိုက်ရသည့်နောက် ပြည်သူ၏ ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တော်တည် ဆောက်ရန်အတွက် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်ကိုချမှတ် အကောင် အထည် ဖေါ်လျှက်ရှိရာ အိမ်နီးချင်းနိုင်ငံများနှင့် အာစီယံနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများက ထောက်ခံကြိုဆိုလျက်ရှိကြပါသည်။

- နိုင်ငံတော် ရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖေါ်လျက်ရှိရာပထမ အဆင့်ဖြစ်သည့် အမျိုးသားညီလာခံကို အောင်မြင်ကျင်းပနိုင်ခဲ့ပြီးဖြစ်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် အခြေခံမူနှင့်အသေးစိတ်အခြေခံသည့်မူများကို နိုင်ငံတ၀ှမ်းတိုင်းရင်းသားပြည်သူများက တခဲနက်ထောက်ခံ ကြောင်း ဆန္ဒဖော်ထုတ်ပြသလျှက် ရှိနေပါသည်။

- သို့ပါ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ သဘောထားထုတ်ပြန်ချက်သည် ပြည်သူများ၏ ဆန္ဒဖော်ထုတ် ပြသမှုနှင့်အည်ီသာဖြစ်သင့်သည်ဟုယူဆပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရသည် ပြည်သူ့ ဆန္ဒ နှင့်အညီ ပြည်သူလူထုနှင့်အတူလက်တွဲကာ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်အတိုင်း မမှိတ်မသုန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါ သည်။


“နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ ရယူလိုက်ရသည့်နောက်တွင်.....”ဆိုပဲ။ မလွှဲမရှောင်သာ အာဏာကို ယူလိုက် တာအနှစ်(၂၀) ပြည့်တော့မယ်နော်။ အာဏာကိုမလွှဲမရှောင်သာယူပြီး၊ ပြည်သူ့ဘဏ္ဌာကို မလွှဲမရှောင်သာခိုး ခဲ့ရတဲ့သဘောပဲ။ ဒါထားလိုက်ပါဦး။

ကြေငြာချက်မှာ လမ်းပြမြေပုံအတိုင်းဆက်၍သွားမယ်ဆိုတဲ့ သန်းရွှေရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ သူတို့လမ်းပြမြေပုံကို အန်အယ်ဒီအပါအ၀င် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက လက်မခံဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံမည် မဟုတ် တဲ့၊ ပြည်သူ့ဆန္ဒနှင့်ကင်းကွာတဲ့ စစ်အစိုးရ လမ်းပြမြေပုံ ကို ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မည်သူကမျှလက်ခံနိုင်မည်မဟုတ်ပါ။


နိုင်ငံတကာမျက်နှာစာတွင်အမှန်တရားဘက်မှ အပြတ်အသတ် အသာစီးရထားသည်မှာ မြန်မာနိုင်ငံသည်လုံခြုံ ရေးကောင်စီ၏ တရားဝင်အာဂျင်နာထဲသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီ၏ အာဂျင်နာထဲသို့ တရားဝင်ပါဝင် ရန်ကိစ္စမှာလွယ်ကူသောကိစ္စတော့မဟုတ်ပါ။ အဖွဲ့ဝင် (၁၅) နိုင်ငံအနက်သုံးပုံနှစ်ပုံ၏ ထောက်ခံ မဲဖြင့်သာပါဝင် နိုင်သည်။ လော်ဘီလုပ်ရသည်။ မြန်မာပြည် အရေးသည်ပထမတစ်ကြိမ်တွင်ရူံးနိမ့်ခဲ့ပြီး၊ ဒုတိယ အကြိမ်မြောက် လော်ဘီလုပ်အပြီး ၂၀၀၆ ခုနှစ် ကုန်ပိုင်းတွင်မှ လုံခြုံရေးကောင်စီအာဂျင်နာထဲသို့ ပါဝင်ခဲ့ခြင်း ဖြစ်သည်။


ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား လုံခြုံရေးကောင်စီမှအရေးယူရာတွင် အဆင့်သုံးဆင့်ရှိသည်။ ပထမအဆင့်မှာ ကောင်စီဥက္ကဌ၏ထုတ်ပြန်ကြေငြာချက်ဖြစ်သည်။ မြန်မာပြည်အား ယခု လက်ရှိလုပ်ထားသော အဆင့်ဖြစ် သည်။ ဒုတိယအဆင့်မှာ လုံခြုံရေးကောင်စီ အခန်း(၆)အရ ဆုံးဖြတ်အရေးယူခြင်းဖြစ်သည်။ ဤအဆင့်မှာ အရေးယူခံရသောနိုင်ငံအနေဖြင့် မဖြစ်မနေ လိုက်နာရမည်ဟု မဆိုလိုသော်လည်း၊ လုံခြုံရေးကောင်စီမှ အလွန် လေးနက်စွာတိုက်တွန်းခြင်း ဖြစ်သည်ဟု အဓိပါယ်ရသည်။ ဤအဆင့်ကို ယခုနှစ်ဇန်န၀ါရီလတွင် အမေရိကန် နှင့် ဗြိတန် မှမြန်မာပြည်အရေးအတွက် ပြင်ဆင်ချက်နှင့်အဆိုပြုခဲ့သည်။ တရုတ်နှင့်ရုရှမှ ဒါဘယ် ဗီတို သုံး၍ ပယ်ချခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ အခန်း (၇) အရအရေးယူခြင်းဖြစ်သည်။ မဖြစ်မနေ လိုက်နာရ မည်ဟု အဓိပါယ် ရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟုသန်းရွှေကပြောဆိုပြီးနောက် အားလုံးကစောင့်ကြည့် နေချိန်တွင် သန်းရွှေက၄င်း၏သဘောထားအမှန်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် ကုလ သမဂ္ဂအဖွဲ့ကြီး၏ သဘောထားများကို ဆန့်ကျင်၍ ယခင်က အတိုင်း တဖက်သတ်၊ တယူသန်၊ တဇောက်ကန်း ဆင်ကန်းတောတိုး ဆက်၍လုပ်မည်ဟု ဖွင့်ပြောလိုက်ခြင်းပါ။ ထိပ်တိုက်တွေ့ကြပြီ၊ လုံခြုံရေးကောင်စီကအကျဉ်း သားတွေကိုလွှတ်ပေး ဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ဂမ်ဘာရီအမြန်ဆုံးပြန်သွားဖို့ တောင်းဆိုထားသည်။ ဤကြေ ငြာချက်ကို အေဆီယံနိုင်ငံများ၏ ကီးပလေယာနိုင်ငံများမှထောက်ခံသည်။ ဂျပန်ကထောက်ခံသည်။ စစ်အစိုးရ မှ ဖမ်းဆီးထားသူများအား ပြန်မလွှတ်ပေးသည့်အပြင် လူအမြောက်အများကို ထပ်၍ ဖမ်းနေသည်။ စစ်အစိုး ရ၏နောက်တွင်တရုတ်ရှိသည်၊ တရုတ်ကဘယ်အတိုင်းအတာအထိ ဆက်၍ရပ်တည်ပေးနိုင်မှာလဲ။ အားပြိုင်မူ များ၊ ထိပ်တိုက်ရင်ဆိုင်မူများ ပိုမို ပြင်းထန်လာဖွယ် ရှိသည်ဟု သုံးသပ်ရပါသည်။


ငြိမ်းချမ်းအောင်
၁၃၊ အောက်တိုဘာ၊ ၂၀၀၇။

No comments: