29 October, 2007

Press release of artists and journalists on movements of Burmese monks abroad

ပြည်ပရှိ သာသနာပြုဆရာတော်များ၏ လှုပ်ရှားမှု နှင့်ပတ်သက်ပြီး
ပြည်ပရောက် သက်ကြီးဝါကြီး စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ နှင့်
သပိတ်မှောက် လူငယ် စာနယ်ဇင်း သမား၊ အနုပညာရှင်များ၏ သဘောထားကြေညာချက်
၃ / ၂၀၀၇
နေ့စွဲ - အောက်တိုဘာ ၂၈၊ ၂၀၀၇


ယခုချိန်တွင် အမေရိကန်ပြည်သို့ရောက်ရှိနေကြသည့် သက်ကြီးဝါကြီး ဆရာတော်ကြီးများဖြစ်ကြသည့် မစိုးရိမ် ဆရာတော်ကြီး နှင့် ပီနန်ဆရာတော်ကြီး တို့ကဦးဆောင်ပြီး နိုင်ငံတကာမှ ကြွရောက်လာသော သာသနာပြု ဆရာတော်များနှင့်အတူ မြန်မာပြည် သာသနာ ဆက်လက်ထွန်းကားရေးအတွက် တွေ့ဆုံဆွေးနွေးလျက် ရှိကြပါ သည်။
မေတ္တာသုတ်ရွတ်ဖတ်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြသည့် သံဃာတော်များ၊ ပြည်သူများကို စစ်အစိုးရသည် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဘုန်းကြီးကျောင်းများအတွင်း ၀င်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးရုံ သာမက သံဃာပိုင်ဝတ္ထုငွေများ၊ သံဃိကပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ သံဃာ့ဂုဏ်တော်များ ညှိုးနွမ်း အောင် လုပ်ကြံခြင်း၊ သံဃာတော်များကို ဖမ်းဆီး ထောင်ချ နှိပ်စက်ခြင်း၊ အဓမ္မ သင်္ကန်းချွတ်ခြင်း စသည့် သာသနာဖျက်လုပ်ရပ်များကို ကျူးလွန်သည်မှာ ထင်ရှားသဖြင့်၊ စစ်အာဏာရှင်များအား သာသနာဖျက်၊ ဓမ္မာန္တရာယ်၊ မိစ္ဆာဒိဋ္ဌိများ အဖြစ် ပြည်ပရောက် မစိုးရိမ်ဆရာတော်ကြီးနှင့် သပိတ်မှောက် သံဃာတော်များက သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။

စစ်ရာဇ၀တ်ကောင်၊ မိစ္ဆာဒိဋ္ဌိ၊ နိုင်ငံတော်အကြမ်းဖက်သမားများ အုပ်ချုပ်နေသမျှ ဗုဒ္ဓ သာသနာ အထွန်းကားဆုံး နိုင်ငံတော်အဖြစ် လုံးဝပြန်ဖြစ်နိုင်တော့မည် မဟုတ်ဟုလည်း ယုံကြည်တော်မူကြသည်။

ထို့အပြင် သာသနာပြု ဆရာတော်ကြီးများက ငြိမ်းချမ်းသောနည်းနှင့် စစ်မှန်သည့် ဒီမိုကရေစီအသွင်ပြောင်းရေး၊ သံဃာတော်များကို အတုအယောင်များအဖြစ် စွပ်စွဲဖမ်းဆီး ရိုက်နှက်ထောင်ချနေသည်တို့ အမြန်ရပ်စဲရေး၊ အတိဒုက္ခရောက်နေကြသည့် သံဃာတော်များကို ကူညီစောင့်ရှောက် အားပေးရေး စသည့် ရည်ရွယ် ချက်များ ဖြင့်၊ ပြည်ပရောက် သံဃာ့အဖွဲ့အစည်းကြီးတရပ် ဖွဲ့စည်း ဆောင်ရွက်ရန် စည်းဝေးခဲ့ကြပြီး၊ အသံမစဲ ပဋ္ဌာန်း ရွတ်ဆိုခြင်း၊ ပရိတ်ရွတ် ဆုတောင်း အမျှဝေခြင်းတို့ကို တညီတညွတ်တည်း ဆောင်ရွက်တော်မူလျက် ရှိပါသည်။

ထို့ကြောင့် ပြည်ပရောက် သာသနာပြု ဆရာတော်ကြီးများ၏ ဆောင်ရွက်မှုကိစ္စ အ၀၀ကို စာရေးဆရာများနှင့် အနုပညာရှင်များက အပြည့်အ၀ လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း၊ ကိုယ်၊နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် ၀ိုင်းဝန်း ပြီး ဆရာတော်များ ဦးဆောင်သည့်အတိုင်း လိုက်နာဆောင်ရွက်ကြမည် ဖြစ်ကြောင်း ကတိပေး ကြေညာလိုက် ပါသည်။

လေးစားစွာဖြင့်

ကြေးမုံဦးသောင်း (အောင်ဗလ)

မောင်စွမ်းရည်

ဝင်းဖေ (ဇော်ဝိတ်၊ မောင်ညို)

မာမာအေး

နှင့် ပြည်ပရောက် သပိတ်မှောက် လူငယ် စာနယ်ဇင်းသမား၊ အနုပညာရှင်များ

(လက်မှတ်ထိုး စာရင်းသွင်းသူ စာနယ်ဇင်းသမားများကို သည်နေရာမှာ သွားကြည့်နိုင်ပါသည်။)

http://www.petitiononline.com/mod_perl/signed.cgi?stopspdc

No comments: