10 October, 2007

ရောက်တတ်ရာရာ ထွေရာလေးပါး ကျနော်၏အတွေးများ…….

ရောက်တတ်ရာရာ ထွေရာလေးပါး ကျနော်၏အတွေးများ (၁)

ရောက်တတ်ရာရာ ထွေရာလေးပါး ကျနော်၏အတွေးများ (၁)

၁။ အပစ်ရပ်အဖွဲ့တွေ ဘာလဲ ဘယ်လဲ

စစ်အစိုးရနှင့်အပစ်ရပ်ထားသော မွန်ပြည်သစ်ပါတီမှ ဆန္ဒပြပြည်သူများကို ထောက်ခံကြောင်းကြေငြာချက် ထွက်ပေါ်လာသည်နှင့် မရှေးမနှောင်းတွင် သန်းရွှေဦးဆောင်သော လူသတ်သမားများမှ ဆန္ဒပြရဟန်းသံဃာ များနှင့်ကျောင်းသားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းရာတွင် တိုးတက်သောဗုဒ္ဓဘာသာကရင်အစည်းအရုံးခေါ် ဒီကေဘီအေမှ တပ်အချို့ကို ခေါ်ယူအသုံးချခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့ပါသည်။ ဤ သတင်းများမှန်မမှန်ကိုမူ ယခုအချိန်အထိ အတည်မပြုနိုင်သေးပါ။ ဒီကေဘီအေသည် ကရင်အမျိုးသား အစည်း အရုံး ကေအန်ယူမှ ၁၉၉၄ နှောင်းပိုင်းတွင် ခွဲထွက်ခဲ့သောအဖွဲ့အစည်းဖြစ်ပါသည်။


အစောပိုင်းတွင် ဒီကေဘီအိုဟုအမည်ခံခဲ့ပြီး၊ ကေအန်ယူမှ ခွဲထွက်ရခြင်း ရည်ရွယ်ချက်မှာ ကေအန်ယူရှိ ခရစ် ယာန်ဘာသာဝင်ကရင်များမှ ဗုဒ္ဓဘာသာဝင်ကရင်များကို ဘာသာရေးကွဲပြားမူအရ နှိမ့်ချဆက်ဆံသည်ကို မကြေနပ်၍ ခွဲထွက်ခဲ့ခြင်းဖြစ်သည်ဟူ၍ အကြောင်းပြခဲ့ပါသည်။ သို့သော်ဤဗုဒ္ဓဘာသာအမည်ခံကရင် အစည်း အရုံးသည် ကေအန်ယူမှ ခွဲထွက်၍ စစ်အစိုးရထံအညံ့ခံပြီးနောက် စစ်အစိုးရ၏လုပ်ပိုင်ခွင့်ပေးမူအရ စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေခဲ့သည်။ လက်ရှိ ဗုဒ္ဓဘာသာ ဘုန်ကြီးများမှ စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြ ပွဲများ လုပ်သောအခါတွင် ဘုန်းတော်ကြီးများဘက်မှ ရပ်တည်ခြင်းမပြုခဲ့သည်မှာတော့ အထင်အရှား ပင်ဖြစ် သည်။


အိန္ဒိယအခြေစိုက် မဇျွိမသတင်းဌာနတွင် မနေ့ကနေ့စွဲဖြင့် ကေအိုင်အို ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းပြင်နေပြီ ဟူသောခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတစ်ပုဒ်ပါရှိလာပါသည်။ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်များအတွင်း လာမည့်အောက်တိုဘာ (၁၅) ရက်နေ့တွင် လိုင်ဇာရှိဌာနချုပ်တွင် အစည်းအဝေးတစ်ခုကျင်းပပြီး၊ ကေအိုင်အို အမည်မှ အခြားအမည်တစ်ခုကို ပြောင်းလဲကာ စစ်အစိုးရမှ ကျင်းပမည့်ရွေးကောက်ပွဲအသစ်သို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပါရှိသည်။ ကေအိုင်အို၏ ယခုလုပ်ရပ်ကို ကချင်ပြည်သူများမှကြေနပ်နိုင် ဖွယ်မရှိဟု လည်းဆိုသည်။ စစ်အစိုးရမှ(၁၄) နှစ်ကြာ တဖက်သတ်စိတ်ကြိုက်ကျင်းပခဲ့သော အမျိုးသားညီလာ ခံသည် မကြာသေးခင်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤအမျိုးသားညီလာခံမှ ထွက်ပေါ်လာသော အခြေခံဥပဒေများ သည် ကချင်လူထုအတွက် ဒီမိုကရေစီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားတန်းတူခွင့် အခွင့်အရေးများကို အာမခံပါ၏ လောဆိုသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ စစ်အစိုးရ၏အမျိုးသားညီလာခံနှင့်လမ်းပြမြေပုံ (၇) ချက်၏ အတိမ်အနက်ကို စိတ်ဝင်စားသော ကျောင်းသားလူငယ်များမှအစ၊ ကမ္ဘာ့ခေါင်းဆောင်များအဆုံး တစ် ကမ္ဘာလုံး အသိပင်ဖြစ်ပါသည်။


စက်တင်ဘာလ (၂၉) ရက်နေ့မြစ်ကြီးနားတွင် စစ်အစိုးရမှကျင်းပသော အမျိုးသားညီလာခံ ထောက်ခံပွဲ အခမ်း အနားသို့ ကေအိုင်အိုမှ အတွင်းရေးမူး ဒေါက်တာတူးဂျာ၊ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့်အခြား ကချင်အဖွဲ့ အစည်းတစ်ခုဖြစ်သော အန်ဒီအေကေမှဥက္ကဌ ဇခုံတင့်ယန်းတို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီးဖြစ်သည်။ သို့ပါ၍ ကေအိုင်အို၏ ယခုသတင်းသည် အဆန်းတကြယ်တော့မဟုတ်ပါ။ ဆန်းသည်မှာ ကေအိုင်အိုသည် ကချင်တစ်မျိုးသားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အမျိုးသား တန်းတူရေးအတွက် တိုက်ပွဲဝင်ရန် ပေါ်ပေါက်လာ ခဲ့ခြင်းပင်ဖြစ်သည်။ ကေအိုင်အိုသည်ကချင်ပြည်သူများအတွက် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တော်လှန်ရေး ပါတီတစ်ရပ်ဖြစ်သည်။ သို့ပါ၍ ကချင်ပြည်သူတို့အရေးထက် ပို၍အရေးကြီးသောအလေးထားစရာအခြင်း အရာ ကေအိုင်အိုတွင်မရှိနိုင်ဟု ဆိုဖွယ်ရာဖြစ်ပါသည်။ ယခုလည်းလူသတ်သော စစ်တပ်နှင့်ပေါင်း၍၊ ကချင် ပြည်သူတို့အရေးအတွက် ဆောင်ရွက်ဖို့ကြိုးစားသည်လား၊ ဒါမှမဟုတ် တခြားအကျိုးအမြတ် အတွက်လား ဆိုသည်ကတော့ ကေအိုင်အိုမှ ထိပ်ပိုင်းခေါင်းဆောင်များသာ သိနိုင်မည်ဖြစ်ပါသည်။


၂။ အိုဘယ့်ပညာရှင်များ

ယခုအချိန်သည် ငြိမ်းချမ်းသောဆန္ဒပြပွဲများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမူများ ဖြစ်ပွားအပြီး၊ နိုင်ငံ တကာအစိုးရများနှင့် ပြည်သူများမှ မိစ္ဆာစစ်ရာဇ၀တ်ကောင်များကို ၀ိုင်းဝန်းဝေဖန် ပြစ်တင်ကြပြီး၊ ပြစ်ဒဏ်ခတ် မူများ၊ ပိတ်ဆို့အရေးယူမူများထက်ကျော်လွန်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ပြင်းထန်စွာ အရေးယူနိုင်ရန် ပြင်ဆင်နေကြချိန်ဖြစ်ပါသည်။ ဖြစ်ရန်မှန် သတင်းများကို ကြားသိကြရသော ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံ သားများ အနေဖြင့်လည်း၊ ၀မ်းနည်းပက်လက် ဖြင့်ယူကြုံးမရဖြစ်နေကြပြီး၊ တရားခံ သန်းရွှေနှင့် လူသတ်ကောင် များအား အော့နှလုံးနာနေကြချိန် ဖြစ်ပါသည်။ ထို့ပြင်ခဏတာရပ်တန့်သွားသော လူထုလူပ်ရှားမူများကို ပြန် လည် အရှိန်မြှင့်တင်ရန် ပြင်ဆင်နေချိန်လည်းဖြစ်ပါသည်။

ဤအခြေအနေအောက်တွင် ယခုရက်များအတွင်း စိတ်မချမ်းသာစရာဖြစ်ရပ်မျိုးစုံ ကြုံနေရပါသည်။ စိတ်မချမ်း သာစရာတစ်ခုကို ယခုဖော်ပြပါမည်။ သတင်းဌာနများမှ မြန်မာ့အရေးလေ့လာနေသူဟူ၍ မြှောက်ပင့်ပေးထား သော၊ မိမိတို့ကိုယ်မိမိတို့ ပညာရှင်များဟု သွေးနထင်ရောက်နေသော သူများသည် လေလိုင်းကြားမှနေ၍မိမိတို့ အထင်များကို လေကြီးမိုးကြီး ဟစ်လျှက်ရှိသည်။ သူတို့သာပဲ မြန်မာပြည်နိုင်ငံရေးကိုသိပြီး၊ သူတို့သာပဲ ဤကဲ့ သို့ ကြီးမြတ်သော စဉ်းစားတွေးခေါ်မူများကို ဖန်တီးနိုင်သည် ဟူ၍လည်း ထင်နေပုံရသည်။ ယခုရက်များသည် မြန်မာပြည်နိုင်ငံရေး အချိုးအကွေ့အတွက် အမှားမခံသော၊ အလွန် ထိလွယ်ရှလွယ်သော ရက်များ ဖြစ်သည်။ မီဒီယာနှင့်စကားပြောသူများ အင်မတန်သတိထားရန် လိုအပ်သည်။ အန်အယ်ဒီမှ ခေါင်းဆောင်များ ပင်လျှင် သန်းရွှေကမ်းလှမ်းထားသော တွေ့ဆုံဆွေးနွေး ရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတာ ကောင်း ပါသည်ဟု ပြောခဲ့ပြီးဖြစ်သည်။


စက်တင်ဘာလ (၂၄) ရက်နေ့ ဘီဘီစီအင်တာဗျူးတစ်ခုတွင် ပညာရှင်ဟု သွေးနထင်ရောက်နေသော အမေရိ ကန်တွင် ကျောင်းတက်နေသည့် ပုဂ္ဂိုလ်တစ်ဦးမှ ရဟန်းသံဃာများဦးဆောင်သော ဆန္ဒပြပွဲများသည် အကြမ်း ဖက်ဖြိုခွင်းခံရမူနှင့်အတူ အဆုံးသတ်သွားမည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့သည်ကို ကျနော်၏ ပို့စ်အဟောင်း တစ်ခုတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဆယ်စုနှစ် (၃) ခုကျော် တော်လှန်ရေး တိုက်ပွဲဆင် နွှဲနေသူများမှလည်း ထုံးစံအတိုင်းကွန်မြူနစ်တရုတ်ပြည်ကြီးကို အကာအကွယ်ပေးလျှက် နအဖ စစ်အစိုးရသည်၊ မိမိသဘောနှင့်မိမိမိုက်နေခြင်းသာဖြစ်ကြောင်း၊ ဘယ်သူ့စကားကိုမှ နားမထောင်ကြောင်း၊ တရုတ်က ပြောရင် လည်းလက်ခံမှာမဟုတ်ကြောင်းပြောဆိုခဲ့သည်။ သူတို့ဆိုလိုသည်မှာ နအဖစစ်အစိုးရသည် လုံခြုံရေးကောင်စီ မှ ပြင်းထန်သောအရေးယူမူများကိုလည်း အရေးမစိုက်ဟူ၍ အဓိပါယ်ရောက်သည်။ တကယ်ပဲ မှန်ပါရဲ့လား၊ နအဖ စစ်အစိုးရသည် တရုတ်ထံမှဗီတိုကိုမျှော်ကိုး၍ ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝ ဓါတ်ငွေ့များကို အပြိုင် အဆိုင်များကြားမှ တရုတ်အစိုးရကို ဈေးလျှော့၍ရောင်းခဲ့ခြင်း ဖြစ်သည်ကိုသူတို့မသိ လေရော့သလား။ တရုတ် အစိုးရသည် ၄င်းတို့၏အကျိုးအမြတ်အတွက် နအဖစစ်အစိုးရဖက်က ရပ်တည်ပေး နေသည်ဆိုတာသူတို့မသိ လေရော့သလား။ သူတို့အမြင်များကိုကြားရသည်မှာ စိတ်မချမ်းသာစရာဖြစ်ပါသည်။


မနေ့ညကလည်း ရေဒီယိုအသံလွှင့်ဌာန အင်တာဗျူးတစ်ခုတွင် ပြည်ပရောက် မြန်မာပြည်အရေး လေ့လာသူ ဆိုသူနှစ်ဦးမှ စစ်တပ်ကို အကောင်းမြင်လွန်းသော သဘောထားများ၊ စစ်တပ်ကို နည်းပေး လမ်းပြဖြစ်စေသော အသုံးအနူံးများဖြင့် အင်တာဗျူးသွားခဲ့သည်။ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြားကိုယ် စားလှယ် ခန့်အပ်ခဲ့ခြင်းအပေါ် ၄င်းတို့နှစ်ဦး၏အမြင်ကို မေးမြန်းခဲ့ရာတွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။ တစ်ဦးက ပြောသည်မှာ ဗိုလ်ချုပ်အောင်ကြည်သည် စေ့စပ်သေချာ၍စနစ်တကျရှိသူဖြစ်ပြီး၊ တစ်ခုခုကို အထောက်အ ထားခိုင်လုံမှပြောဆိုတတ်သူဖြစ်သည်။ ဤလိုထက်မြက်သော ပုဂ္ဂိုလ်မျိုးအား ကြားခံ ဆက်သွယ်ရေး အရာရှိ အဖြစ် ထားခြင်းသည် တိုးတက်သော အလားအလာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ၄င်း၏အမြင်များသည် စစ် အစိုး ရအပေါ်အကောင်းမြင်လွန်းသည်၊ လူအများကြီးကိုသတ်ပြီး၊ အာဏာကို ဆက်လက်တည်တံ့အောင်ကြိုး စားနေသူများမှအနည်းငယ် (ဟန်ပြ) ပြန်ပေးလိုက်တာကို မျက်ကွယ်ပြုရာကျသည်။ နောက်တစ်ဦးမှလည်း မြန် မာပြည် ပြဿနာသည် နှစ်ပေါင်းများစွာအကြာက ဖြစ်ခဲ့သောပြသနာဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးကို ယခု ချက်ခြင်းလုပ်၍ အချိန်တိုအတွင်းပြီးဆုံးရန်မဖြစ်နိုင်၊ စိတ်ရှည်သီးခံရမည်ဖြစ်သည်၊ အချိန်ယူရမည်ဖြစ်သည် ဟူ၍ ဘုန်းကြီးစာချ လုပ်သွားခဲ့သည်။ အားလုံးက ဗိုလ်သန်းရွှေအချိန်ဝယ်ဖို့ ကြိုးစားနေသည်ဟု ပြောဆိုနေ ချိန်တွင် ၄င်း၏အဆိုပါသုံးသပ်ချက်သည် သန်းရွှေအတွက်စိတ်ကြိုက်ပင်ဖြစ်သည်။ ခင်ဗျား အချိန်တွေ ထပ်ယူ ပါဦး၊ ဗမာပြည်ပြသနာကို အေးအေးဆေးဆေး အချိန်ယူပြီးဖြေရှင်းကြ တာပေါ့ ဆိုသကဲ့သို့ ပြောလိုက်တာမျိုး ဖြစ်သည်။ မြန်မာပြည်ပြသနာအခုမှ ပေါ်လာခဲ့တာမဟုတ်ဆိုသည်ကို အားလုံးအသိဖြစ်သည်။ တိုင်းရင်းသား များအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးကို အချိန်ယူ၍ လုပ်ရဦးမည်ဆိုသည်ကို အားလုံး အသိပင်ဖြစ် သည်။ သို့သော်အမျိုးသားပြန်လည်သင့်မြတ်ရေးက အဆင့်တစ်ခု၊ တွေ့ဆုံဆွေးနွေးရေးကအဆင့် တစ်ခုဆိုတာ ကိုမြန်မာပြည်အရေးလေ့လာနေသူဆိုသောပုဂ္ဂိုလ် သဘောမပေါက်လေရော့သလား၊ အတွေးအခေါ် ရူတ်ထွေး နေပုံရပါသည်။


အထက်တွင်ဖော်ပြခဲ့သော မြန်မာပြည်အရေးလေ့လာနေသူ ဆိုသူများသည်တစ်ခါက အတိုက်အခံအဖွဲ့ အစည်း များမှဖြစ်ကြသည်။ စစ်အာဏာရှင်ကို ဖြုတ်ချရန်ရည်ရွယ်ချက်ဖြင့် နယ်စပ်သို့ ထွက်ခွာလာ သူများဖြစ်ကြသည်။ အမေရိကန်တက္ကသိုလ်တစ်ခုတွင် တစ်နှစ်ခန့်ကျောင်းတက်ဖူးသူများဖြစ်ကြသည်။ မိမိတို့ကိုမိမိတို့ တကယ့် ပညာ ရှင်များဟုမြင်နေပြီး၊ လွန်ခဲ့သောအနှစ် (၂၀) နီးပါးခန့်က ဗမာပြည်မှမိမိတို့ထွက်လာခဲ့စဉ်ကထားခဲ့သော ရည်မှန်းချက်များကို မေ့ထားလိုက်ပုံရသည်။


သတင်းဌာနများမှမေးသမျှမေးခွန်းများကို ဖြေကြားနေသည်မှာ အခွင့်အရေးရတုန်း ၀င်ကြိတ်လိုက်မယ်၊ ဒီအ ချိန်မြန်မာနိုင်ငံသားအများစု ရေဒီယိုနားထောင်နေချိန်မှာ ငါ့နာမည် လူသိများရင်အပိုင်ပဲဆိုသော စဉ်းစားချက် များထားရှိနေသည်လားဆိုသည်မှာ စဉ်းစားဖွယ်ဖြစ်သည်။ မိမိကိုယ်မိမိပညာရှင်ဟု ခံယူထားလျှင်လည်း မိမိနှင့်ဆိုင်သော၊ မိမိနှင့်ထိုက်တန်သော စကားများကိုသာ ပြောဆိုနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

No comments: