16 October, 2007

Road to Freedom




လွတ်မြောက်ရာလမ်း….


ကျနော့်မွေးရာပါပင်ကိုဗီဇစိတ်က အေးအေးဆေးဆေးနေချင်ပါတယ်။ တနေ့တာအချိန်အများစုကို ကိုယ်ပိုင် အချိန်တွေအဖြစ် တစ်ယောက်တည်း နေပြီးပဲကုန်ချင်တယ်။ အပြင်လျှောက်သွားတာကိုမကြိုက်ဘူး။ အိမ်ထဲမှာ ပဲအချိန်ကုန်ရတာ ပိုနှစ်သက်တယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့ အချိန်က စလို့အေးအေးဆေးဆေး ကိုယ့်စိတ်ကြိုက်နေခဲ့ရတာနည်းပါတယ်။ လူ့ဘ၀မှာ ကိုယ့်စိတ်ကြိုက်သာဖြစ်ခွင့်ရရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ လူဆိုတာတစ်ဦးတည်း ရှင်သန်နေထိုင်လို့မရပါဘူး။ ပတ်ဝန်း ကျင်အဖွဲ့အစည်းရှိပါတယ်။ ပတ်ဝန်းကျင် ကောင်းကျိုးအတွက် လုပ်ကိုင်ရပါတယ်။ ဒါမှ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ခြင်းဖြစ် မှာပါ။


လွတ်လပ်ခွင့်ကလူတွေအတွက် အရေးကြီးပါတယ်။ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်းပေါ့။လွတ်လပ် ခွင့်အတွက်ပဲ ကျနော်တို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်သူတွေဟာကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို မကြာမကြာဆုံးရူံးရတယ်။ မြန်မာပြည်နဲ့ နယ်နမိတ်ချင်းစပ်နေတဲ့နိုင်ငံတစ်ခုမှာ ကျနော် တရားမ၀င်နေပါတယ်။ ဆယ်နှစ်ကျော် ကာလအတွင်း အဲဒီနိုင်ငံကပုလိပ်တွေရဲ့အဖမ်းကို ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ခံခဲ့ရပါတယ်။ ပုလိပ်တွေရဲ့ ရိုင်းစိုင်းတဲ့ ဆက်ဆံမူ ကိုခံရတိုင်းကျနော်ဒေါသဖြစ်မိတယ်။ အချုပ်ထဲမှာ၊ ထောင်ထဲ မှာ နေရတဲ့ အချိန်တွေတိုင်း အပြင်ကို အမြန်ဆုံး ပြန်ရောက် ချင်တယ်။ လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ အဆိုး ဆုံးနဲ့ ကျနော့်ဘ၀မှာ ဒီကနေ့အထိအမှတ်တရဖြစ်နေတဲ့ နေ့စွဲတွေ ထဲမှာ စစ်အစိုးရရဲ့ ဖမ်းဆီး ခြင်းကိုခံရပြီး၊ (၁၁)ရက်ကြာစစ်ကြောရေးစခမ်းတစ်ခုမှာ လူမသိသူမသိ အစစ်အဆေးအနှိပ်စက်ခံခဲ့ရတဲ့ နေ့ရက်တွေ ပါဝင်ပါ တယ်။ လူသားတစ်ဦးရဲ့ဘ၀မှာတော့ တကယ့်ကိုရိုင်းစိုင်းတဲ့ သမိုင်းရက်စွဲတွေပါပဲ။


ကျယ်ဝန်းတဲ့ စစ်တပ် ၀င်းတစ်ခုအတွင်းက အဆောင် တစ်ခု မှာအကျဉ်းသားကျနော်နဲ့ စစ်ဆေးသူခင်ညွန့်ရဲ့ စစ်ခွေးခြောက်ကောင်ပဲရှိပါတယ်။ အဖမ်းခံရကတည်းက မျက်စိပိတ်လက်ထိပ်ခြေထိပ်ခတ်ခံထားခဲ့ရတဲ့ကျနော် ဟာဘယ်နေရာကိုရောက်နေမှန်းမသိခဲ့ပါဘူး။ နောက်မှနေရာကိုပြန်သိရပါတယ်။ တစ်ညမှ အိပ်ခွင့် မပေးခဲ့ဘူး။ တွင်းတူးထားပြီးပြီ၊ ဒို့က မလုပ်ချင်ပေမဲ့ အထက်အမိန့်အရ မင်းကိုမကြာခင်သတ်ရလိမ့်မယ်လို့လဲ သူတို့က မကြာမကြာပြောတတ်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်စိတ်ထဲမှာ ခံစားချက် တစ်ခုပဲရှိပါတယ်။ အဲဒါက သေရ မယ့်အချိန်ကိုစောင့်နေတာပါပဲ။ ကျနော့်လိုကောင်မျိုးကိုတောင် အဲသလောက် ရက်စက်ယုတ်မာ ခဲ့ကြ သေးရင် ကိုမင်းကိုနိုင်တို့လိုကျောင်းသားခေါင်းဆောင်တွေကို ဘယ်လောက်အထိ စိတ်ဒါဏ်ရာတွေရအောင်လုပ်ကြမယ် ဆိုတာ ကျနော်ခန့်မှန်း ကြည့်နေမိပါတယ်။ ပိုဆိုးတာက စစ်ခွေးတွေရဲ့ လိုက်လံ ဖမ်းဆီး ခြင်းကနေ ရှောင်တိမ်း ရင်း လူထုလူပ်ရှားမူကို ဦးဆောင်ခဲ့တဲ့ကိုဌေးကြွယ်၊ ကိုလှမျိးနောင်၊ ကိုအောင်သူ၊ မမီးမီး တို့အဖမ်းခံရပြီး စစ် ကြောရေး စခမ်းတွေမှာ ဘယ်လောက်အထိနှိပ်စက်ခံနေရမှာလဲ…။ ဗကသကျောင်းသားခေါင်းဆောင် ကိုစည် သူမောင်နဲ့မဟန်နီဦးတို့ ဘယ်လောက် ရက်စက်မူတွေနဲ့ရင်ဆိုင်နေရပြီလဲ…။ စဉ်းစား မိတိုင်းကျနော်ကြေကွဲစွာ ခံစားရတယ်။


သို့သော်..မည်သို့ပင်ဖြစ်ပါစေ၊ ဗမာဖြစ်ရတာကို ကျနော့်အနေနဲ့ဘယ်တုံးကမှဂုဏ်မငယ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ လူလာဖြစ်ခဲ့တဲ့နိုင်ငံက ဆင်းရဲ စုတ်ပြတ်နေတယ်၊ ဘက်ပေါင်းစုံမှာချွတ်ခြုံကျနေတယ်။ အမျိုးသား ရေးဂုဏ်သိက္ခာတွေ ညိုးနွမ်းနေတယ်။ စစ်အာဏာရှင်အောက်မှာ ဆယ်စုနှစ် လေးခုကျော် ဖြတ်သန်းလာ ပြီးတဲ့ နောက် လူ့ကျင့်ဝတ်သိက္ခာ၊ တစ်ဦးချင်း ဂုဏ်သိက္ခာဆိုတာတွေ အတုံးအရုံးလဲကျပျက်စီးနေတယ်။ ရှေးမြန်မာ ဘုရင်တွေရဲ့ ရာဇ၀င်တွင်တဲ့ ဂုဏ်ရောင် ထွန်းပြောင် ခဲ့မူ့တွေ၊ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန် တိုက်ထုတ်ခဲ့တဲ့ မျိုးချစ်စိတ်ဓါတ် ဆိုတာတွေကို ဒီကနေ့မှာ ပြန်လည်ဆန်းစစ်ဖို့လည်းလိုနေပြီ။ လူ့သဘာဝအရ လူဆိုတာ ကိုယ်ရောစိတ်ရောချမ်းသာချင်တယ်။ အေးဆေးသက်သာ နေချင်တယ်။ ဒါပေမဲ့ အဲဒါတွေထက် ပိုအရေးကြီးတာက ကိုယ်ကျင့်သိက္ခာပဲ၊ ကိုယ်ကျင့်သိက္ခာရှိမှ လူ့ဂုဏ်သိက္ခာရှိနိုင်မယ်။ ဂုဏ် သိက္ခာမရှိတဲ့လူ၊ ဂုဏ်သိက္ခာမရှိတဲ့ လူမျိုးတွေနေတဲ့ တိုင်းပြည်တွေဟာ ဘယ်တော့မှ မော်ကြွားနိုင်မှာမဟုတ်ဘူး၊ ရှေ့တန်း ကိုလည်း ရောက်နိုင်မှာမဟုတ်ဘူး။


ဆင်းရဲ စုတ်ပြတ်နေတဲ့ဘ၀မှာ လူတွေအကျင့်ပျက် တာလောက် ဆိုရင် တော်သေးတာ ပေါ့လို့ ဖြေတွေးလေး တွေးနိုင်ပေမဲ့၊ ဗုဒ္ဓဘာသာမှာ ဘုရား၊ တရားနဲ့ တဂိုဏ်းထဲနေရာပေး ခံရတဲ့ဘုန်းကြီးတွေ ကိုယ်ကျင့် သိက္ခာပျက် တာကတော့ဖြေတွေး တွေးပေးဖို့ခက်ပါတယ်။ ပဲခူးမြို့ကြခတ်ဝိုင်း ဆရာတော်ဟာ နှယ်နှယ်ရရ ဆရာတော် တော့မဟုတ်ပါဘူး။ သက်တော်ကြီး၊ ၀ါတော်ကြီးဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။ တစ်ခါက စစ်အစိုးရ ဆန့်ကျင်ရေး စကားတွေမိန့်ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ စက်တင်ဘာလ ဘုန်းကြီးတွေ သပိတ်မှောက် ကံဆောင် ပွဲမှာတော့ သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသလိုက်တော့ တယ်။ ကြားခါစက ကိုယ့်နား ကိုယ်တောင် မယုံကြည်မိဘူး။ သူ့ကျောင်းကသံဃာတွေကို ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင် ကျောင်းကို သော့ခတ်ထား လိုက်တယ်။ NLD နဲ့ဆန္ဒပြသူတွေက သူ့ကျောင်းက မှန်တံခါးတွေ ကိုရေပုလင်းတွေနဲ့ပေါက်ခွဲတယ်လို့လည်း စစ်အစိုးရကို လက်မှတ် ထိုးတိုင်ကြားတယ်။ သားသုံးသား ရှင်းလင်း ရေးတရား ကိုလည်းသူပဲဟောသတဲ့။


ဘုန်းကြီးတွေလည်း ပြောင်းလည်းတတ်သလား။ ဒါ့အပြင် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေ အနေနဲ့ကော သွေးချောင်းစီး နှိမ်နင်းမူ တွေကို ရပ်တန့်နိုင်စေဖို့ တစ်ခုခုဝင်ရောက် မလုပ်ကိုင်သင့် ပေဘူး လားဆိုတာကို လူတော်တော်များများ မေးခဲ့ကြတယ်။ လက်တွေ့မှာတော့ ဘယ်ဆရာတော်ကြီးတစ်ပါးပါးကမှ ဘာမှထင်ထင်ရှားရှားမလုပ်ခဲ့ဘူး။ စစ်အာဏာ ရှင်တွေကတိုင်းပြည်ကို ဖျက်ရုံတင် အားမရလို့၊ သာသနာပိုင် တွေကို လာဒ်လာဘတွေနဲ့ဖျက်ဆီးခဲ့ပြီလား။


ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာပြည်လွတ်လပ်ရေးအတွက်အသက်ပေး၊ ဘ၀ပေး တိုက်ပွဲဝင်နေသူ များအားလုံး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုအောင်သူ၊ မမီးမီး နဲ့၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံး၊ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုစည်သူမောင်၊ မဟန်နီဦးနဲ့ ဗကသခေါင်းဆောင်များအားလုံး ဘ၀တွေ၊ အသက်တွေပေးပြီး တိုက်ပွဲဝင်နေတာဟာ ပုဂိုလ်ရေးတစ်စုံတစ်ရာ အကျိုးအတွက် မျှော်ကိုးလို့မဟုတ်ပါဘူး။ ဗမာပြည်လွတ် မြောက်ရေး၊ အမျိုးသားတွေလွတ်မြောက်ရေး သို့မဟုတ် အမျိုးသားရေး ဂုဏ်သိက္ခာကို အဖတ်ပြန် ဆည်ဖို့ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းပြည်အတွက်အသေခံဖို့ သူတို့တွေ အဆင်သင့် ရှိနေကြ ပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာတိုက်ပွဲတွေမှာလည်း ဘုန်းဘုန်းတွေ၊ သီလရှင်တွေ ရှေ့ထွက် တိုက်ပွဲ ၀င်ခဲ့ပြီးပြီ။ ဘယ်နှစ်ပါး သေဆုံး သွားကြပြီလဲ။ ထောင်ထဲမှာ စစ်ကျောရေးစခမ်းတွေမှာ ဘယ်နှစ်ပါး အဖမ်းခံ ထားရလဲ။ သူတို့အားလုံးဟာ တိုင်းပြည်အတွက်၊ ပြည်သူလူထုကြီး အတွက်၊ သာသနာကိုစောင့်ရှောက် ကာကွယ်ရန် အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ တကယ်ကလွတ်မြောက်ရေးတိုက်ပွဲကို လူတွေကသာ ရှေ့ဆောင် ပြီးလုပ် ကြရမှာ..အခုတော့လူတွေကမလုပ်လို့ ဘာသာရေး ခေါင်းဆောင်တွေ အသက်တွေပေးခဲ့ကြရပြီ။


ကျနော်တို့အားလုံးနားလည်ကြဖို့လိုနေပါပြီ။ လူမျိုးရေးဂုဏ်သိက္ခာလည်း အတုံးအရုံးကျရုံးနေပါပြီ။ သာသနာ လည်း ညစ်နွမ်းနေပြီ။ တိုင်းပြည်လည်း စုတ်ပြတ်သတ်နေပြီ။ ကိုယ်နဲ့မဆိုင်သလို ဘာသိဘာသာနေကြ မယ်ဆိုရင်၊ လက်ရှိအခြေအနေကနေ အချိန်မီသာ မပြောင်းလဲနိုင်ရင်တော့ …


ငြိမ်းချမ်းအောင်

၁၆ အောက်တိုဘာ ၂၀၀၇

1 comment:

Hnin said...

ဝမ်းနည်းစရာကောင်းပါတယ်။ ကျမဒီအက်ဆေးကိုဖတ်နေရင်းမျက်ရည်ကျမိတယ်။ သူရဲကောင်းအားလုံးအတွက်ဆုတောင်းပေးနေမိပါတယ်။
မြန်မာပြည်လူမြောက်ပါစေ။